အမေရိကန် အစိုးရ၏ လျှို့ဝှက်ချက်များ ခိုးယူရန် တရုတ်ဘက်က အသုံးပြုနေသည့် ဝဘ်ဆိုဒ် ၁၃ကို FBI ပိတ်သိမ်း

By MPA

အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များနှင့် အရေးကြီးသော သတင်းအချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသည့် အရာရှိကြီးများနှင့် ဝန်ထမ်းဟောင်းများကို ပစ်မှတ်ထား လှည့်စားရန် အသုံးပြုနေသည့် အင်တာနက်ဝဘ်ဆိုဒ် ၁၃ ခုကို ဖက်ဒရယ်အာဏာပိုင်များက ဇွန် ၁၀ရက်တွင် FBI က ပိတ်သိမ်းလိုက်ကြောင်း အမေရိကန် အစိုးရရှေ့နေ ဂျီးနင်း ဖဲရစ် ပီရို (Jeanine Ferris Pirro) က ကြေညာလိုက်သည်။

အစိုးရရှေ့နေ ပီရိုက “ဒီနေ့ ဝဘ်ဆိုဒ်တွေကို သိမ်းဆည်းလိုက်တာဟာ နိုင်ငံတော်ရဲ့ အလွန်အမင်း အရေးကြီးတဲ့ အချက်အလက်တွေကို ကိုင်တွယ်ခွင့်ရထားပြီး ယုံကြည်စိတ်ချရတဲ့ အမေရိကန်နိုင်ငံသားတွေကို အသုံးချဖို့ ကြိုးပမ်းမှုမှန်သမျှကို ဖော်ထုတ်ဖျက်ဆီးပစ်မယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားပါပဲ။ ဒီအတုအယောင် အကြံပေးကုမ္ပဏီ ဝဘ်ဆိုဒ်တွေကို လှည့်စားဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ ဖြစ်ပေမဲ့၊ ကျွန်တော်တို့ရဲ့ အစိုးရရှေ့နေတွေနဲ့ FBI အဖွဲ့ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုကြောင့် ဒီလိမ်လည်မှု အစီအစဉ်ကို အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

တရားရုံးသို့ တင်ပြထားသည့် ကျမ်းကျိန်လွှာအရ အဆိုပါ တရုတ်သူလျှိုကွန်ရက်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အတုအယောင် အကြံပေးကုမ္ပဏီ ဝဘ်ဆိုဒ် အနည်းဆုံး ၁၃ ခုကို တည်ထောင်ခဲ့ကြသည်။

အဆိုပါ ဝဘ်ဆိုဒ်များနှင့် အလုပ်ခေါ်စာများတွင် ယေဘုယျဆန်သည့် အကြံပေးလုပ်ငန်းများအဖြစ် ဟန်ဆောင်ကြော်ငြာထားပြီး၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အမေရိကန်အစိုးရနှင့် စစ်တပ် ဝန်ထမ်းဟောင်း သို့မဟုတ် လက်ရှိဝန်ထမ်းများကို စည်းရုံးရန် ဖြစ်သည်။

၎င်းတို့သည် Upwork, Expertia AI, Hubstaff Talent အစရှိသည့် အလုပ်အကိုင် ရှာဖွေရေး ပလက်ဖောင်းများပေါ်တွင် တရုတ်အစိုးရက စိတ်ဝင်စားသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အလုပ်ခေါ်စာများ တင်ကာ လူစုဆောင်းခဲ့ကြခြင်း ဖြစ်သည်။

အလုပ်ရာထူးများအဖြစ် စီနီယာ အနုပညာရှင် နှင့် အပြည်ပြည်ဆိုင်ရာ ရေးရာ အကြံပေး စသည့် အသုံးအနှုန်းများဖြင့် လှည့်စားကာ အရာရှိများကို ၎င်းတို့၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ပြီး အတွင်းသတင်းများ မျှဝေပေးရန် ဖိအားပေးခဲ့ကြသည်။

အဆိုပါ လိမ်လည်သူများသည် ၎င်းတို့၏ ကုမ္ပဏီများကို တရားဝင်သတ်မှတ်ချက်ရှိသယောင် ပြသရန် စာချုပ်များနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်များကိုပါ အသုံးပြုခဲ့ကြပြီး၊ အရေးကြီး အချက်အလက်များအတွက် ငွေကြေးအမြောက်အမြား ကမ်းလှမ်းခြင်း၊ အမည်ဝှက်များဖြင့် အွန်လိုင်းငွေပေးချေမှု အကောင့်များကို အသုံးပြုခြင်းနှင့် ငွေကြေးစီးဆင်းမှု လမ်းကြောင်း ပျောက်စေရန် ခရစ်ပတိုကာရန်စီများကို အသုံးပြု၍ အမေရိကန်ပြင်ပမှ ငွေကြေးများကို လွှဲပြောင်းခဲ့ကြသည်။

ပိတ်သိမ်းခံလိုက်ရသော ဒိုမိန်းဝဘ်ဆိုဒ် ၁၃ ခုတွင် Centrik Global Consulting, Rightinfo Consulting, Finnacle-Vesper Consulting, CYDF Consulting နှင့် Pulse Wave Global အစရှိသည့် အတုအယောင် အကြံပေးဝဘ်ဆိုက်များ ပါဝင်သည်။

လက်ရှိတွင် FBI အနေဖြင့် ၎င်းဝဘ်ဆိုက်စာမျက်နှာများ၌ လာရောက်ကြည့်ရှုသူများကို သတိပေးချက်စာမျက်နှာ (Takeover Pages) များ ပြသထားပြီး၊ တရားမဝင် လှုပ်ရှားမှုများနှင့် တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည့် ငွေကြေးခဝါချမှုများကို အပြီးတိုင် ဟန့်တားပိတ်ဆို့ထားကြောင်း သိရသည်။