By MPA
နေပြည်တော်က ကန့်သတ်ထားသော ထိုင်းကုန်စည်များကို မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် လုံနယ်ဝန်ကြီးနှင့် အပေါင်းအပါတို့က လိုင်းကြေးယူကာ ရန်ကုန်သို့ ပို့ဆောင်ခွင့်ပြုနေကြောင်း သိရသည်။
ကန့်သတ်ထိုင်းကုန်စည်များကို မြဝတီနှင့် ကော့ကရိတ်မှ ကျိုက်မရောမြို့နယ်၊စံပယ်ဂူတံတားအထိ ကုန်ကားကြီးများဖြင့် တင်ဆောင်လာပြီး စံပယ်ဂူတံတား၌ ကားသေးများဖြင့် ပြန်ပြောင်းတင်ဆောင် ကာ မော်လမြိုင်မြို့ထဲသို့ ဝင်ကြောင်း ထို့နောက် မော်လမြိုင်မှ ရန်ကုန်သို့ ခရီးသည်တင် Express ယာဉ်နှင့် ကားလေးများဖြင့် နောက်တစ်ဖြတ် သယ်ဆောင်ကြကြောင်း မော်လမြိုင်မြို့၊ပြည်နယ် အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“လူမြင်မှာစိုးလို့ မော်လမြိုင်ကို ကုန်ကားကြီးတွေနဲ့ အဝင်မခံဘူး။မြဝတီ၊ကော့ကရိတ်ကနေ ဘားအံ မြို့ထဲ မဝင်ဘဲ စံပယ်ဂူတံတားထိ ကုန်ကားကြီးတွေနဲ့လာ၊ ပြီးရင် ကားလေးတွေနဲ့ ပြန်ကဲ့ပြီး သံဖြူဇ ရပ်မြို့ထဲကို ဖြတ်ပြီး မော်လမြိုင်မြို့ထဲဝင်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
မြဝတီမှ စံပယ်ဂူတံတားအထိနှင့် စံပယ်ဂူတံတားမှ မော်လမြိုင်မြို့ထဲအထိ ပစ္စည်းဖြတ်ခ လိုင်းကြေး မည်မျှ ပေးရသလဲဆိုသည်ကို မသိသော်လည်း မော်လမြိုင်မှ ဝေါမြို့နယ်၊ညောင်ခါးရှည်ဂိတ်အထိ လိုင်းကြေးမှာ ပစ္စည်းတန်ဖိုး သိန်း၁၀၀၀ ရှိလျှင် လိုင်းကြေး သိန်း၁၀၀၀ ပေးရကြောင်း သိရသည်။
“မော်လမြိုင်က တစ်ထောက်နားစခန်းပဲ။မော်လမြိုင်ကနေ ခရီးသည်တင် Express တွေနဲ့ အဓိက သယ်တယ်။ခရီးသည်တင်ကားမှာ ခရီးသည်က သုံးပုံတစ်ပုံ။ကျန်တာက ထိုင်းပစ္စည်းတွေချည်းပဲ။ လိုင်းကြေးပေးထားတဲ့ ကားနံပါတ်တွေကို သူတို့ဂိတ်တာဝန်ကျတဲ့သူတွေချည်း ဖွဲ့ထားတဲ့ ဘိုင်ဘာ ဂရုဖ်ထဲ ရိုက်ထည့်ပေးထားတယ်။ဘိုင်ဘာဂရုဖ်ထဲ ထည့်ထားတဲ့ယာဉ်ဆိုရင် ညောင်ခါးရှည်ဂိတ်အထိ လုံးဝ အစစ်အဆေး မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီလက်ထက်တွင် ယင်းမှောင်ခိုလမ်းကြောင်းကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ဒုတိုင်းမှူးက လိုင်းကြေးယူကာ လုပ်ဆောင်ခဲ့ရာ နေပြည်တော်က သိသွားသဖြင့် ဒုတိုင်း မှူး ပြုတ်ပြီး ထောင်ကျသွားကြောင်း သိရသည်။
“အခုကတော့ မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် လုံနယ်ဝန်ကြီး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့်က ဦးဆောင်ပြီး လုပ်စားတာ။အ ကောက်ခွန်တွေနဲ့ ဝေစားမျှစား။တကယ်ဦးဆောင်လုပ်နေတာကတော့ လုံနယ်ဝန်ကြီးရဲ့ တပည့် တွေ”ဟု ၎င်းက ပြောသည်။
မော်လမြိုင်မြို့ဘက်ခြမ်း သံလွင်တံတားထိပ်ရှိ အကောက်ခွန်အဖွဲ့က ခရီးသည်တင်ယာဉ်များပေါ် သာမန်ပြည်သူတို့က အိမ်သုံးရန် တနိုင်တပိုင်သယ်လာသည့် ထိုင်းပစ္စည်းများကို သယ်ဆောင်ခွင့် မပေးတော့သော်လည်း မော်လမြိုင်အကောက်ခွန်အဖွဲ့နှင့် ငွေအပေးအယူ ပတ်သက်မှုရှိသော အေး ဂျင့်တို့၏ ထိုင်းကုန်ပစ္စည်းများနှင့် မွန်ပြည်နယ် လုံနယ်ဝန်ကြီး ၏ PSO ရဲအုပ်သက်ပိုင်ဦး၏ ပစ္စည်း များတင်သော ယဉ်လိုင်းများအား ဖြတ်သန်းခွင့်ပြုနေကြောင်း ထို့ကြောင့် မွန်ပြည်နယ်ရှိ သက်ဆိုင် ရာအကြီးအကဲများအနေနှင့် ယင်းကိစ္စအပေါ် ထိရောက်စွာ အရေးယူပေးရန်လိုကြောင်း မော်လမြိုင် မြို့သူတစ်ဦးက MPAထံသို့ ဇွန်လ၁၀ရက်က စာပေးပို့ခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက “ လုံနယ်ဝန်ကြီးရဲ့ PSO က လုပ်စား တာမဟုတ်ဘူး။မှောင်ခိုရာဇာက မှောင်ခိုတိုက်ဖျက်ရေးခေါင်းဆောင် လုံနယ်ဝန်ကြီး။ လုံနယ်ဝန်ကြီး က မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုရော နေပြည်တော်ထိပ်သီးတွေကိုပါ လိုင်းကြေးပေးထားတယ်။ ဘယ် သူမှ အရေးယူမှာ မဟုတ်ဘူး”ဟု ပြောသည်။
လုံနယ်ဝန်ကြီးနဲ့ အပေါင်းအပါတို့သည် ကန့်သတ်ကုန်ပစ္စည်းများသာမကဘဲ ငွေပုံပေးနိုင်သည့် မြဝတီမှ ကျားဖြန့်ထိပ်သီး တရုတ်များကိုပါ လိုင်းကြေးယူကာ ရန်ကုန်ဘက်သို့ ပို့ဆောင်ပေးခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“၂၀၂၅နှစ်ကုန်လောက်က ကျနော့်ကားရှေ့မှာ ကားလေးတစ်စီး သွားနေတာ ဘယ်ဂိတ်ရောက် ရောက် လုံးဝမစစ်လို့ အကောင်တွေထင်ပြီး သတိထားမိနေတာ။သူတို့ကားနားပြီး အောက်ဆင်း ထမင်းစားတဲ့အချိန် ကြည့်လိုက်တော့ တရုတ်တွေဖြစ်နေတယ်။ကားသမားက မြန်မာ”ဟု သထုံမြို့ သားတစ်ဦးက ပြောသည်။
နေပြည်တော်က ကန့်သတ်ထားသော ထိုင်းကုန်စည်များမှာ သာမန် လူသုံးကုန်နှင့် အီလက်ထရော နစ်ပစ္စည်းများသာ ဖြစ်သည်။
“မဆလခေတ်ကို ပြန်ရောက်နေတဲ့သဘောပဲလေ။မဆလခေတ်တုန်းကလည်း လူသုံးကုန်တွေကို မှောင်ခိုပစ္စည်း သတ်မှတ်လို့ ထိုင်းကနေ မော်လမြိုင်ထိ မှောင်ခိုသယ်။မော်လမြိုင်ကနေ ရန်ကုန်ကို မှောင်ခိုထပ်သယ်ပေါ့”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အသက်၅၉နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
မဆလခေတ်တွင် မော်လမြိုင်မြို့သည် မှောင်ခိုမြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး ယခုအာဏာသိမ်း စစ်အုပ်စုလက်ထက်တွင်မူ လောင်းကစားမြို့တော်အဖြစ် နာမည်ကြီးလျက်ရှိသည်။
လက်ရှိ တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ဝင်သန်းနှင့် လုံနယ်ဝန်ကြီး ကျော်စွာမြင့်တို့မှာ စစ်တပ်က စေလွှတ်လိုက်သော အစိတ်သားအမတ်များ ဖြစ်သည်။
ကျော်စွာမြင့်သည် စစ်ကောင်စီလက်ထက်ကတည်းက မွန်ပြည်နယ် လုံနယ်ဝန်ကြီးဖြစ်ပြီး မင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးကာ သူကောင်းပြုခဲ့ဖူးသည်။
