အွန်လိုင်းပေါ် လူပြောများခဲ့သည့် မန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်သူ တရားခံ ၄ ဦးကို ဖမ်းမိ

မန္တလေးမြို့၌ နေ့ခင်းကြောင်တောင် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ ရိုက်နှက်ကာ ဆိုင်ကယ်လုယက်ထွက်ပြေးခဲ့သဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူများအကြား ကြီးမားစွာ ရိုက်ခတ်လှုပ်ခတ်သွားခဲ့သည့် မှုခင်းဖြစ်စဉ်မှ ကျူးလွန်သူ တရားခံ ၄ ဦးကို ရဲတပ်ဖွဲ့က သုံးရက်အကြာတွင် ကွင်းဆက်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်သံဖိုင်သည် လူထုကြားတွင် စိုးရိမ်ထိတ်လန့်မှု၊ ကရုဏာဒေါသဖြစ်မှုများနှင့်အတူ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေမှုအပေါ် မကျေနပ်သည့် ပြင်းထန်သော ဝေဖန်ပြစ်တင်မှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီးနောက် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ မဟာအောင်မြေခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး လွင်အောင် ဦးစီးသည့် ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်အုပ်စုဘက်က ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၄၉ လမ်းနှင့် ၁၁၆ လမ်းထောင့်ရှိ ပုဂံဘီယာဆိုင်၌ လုယက်သူများအနက် အသက် ၂၀ အရွယ် တရားခံ မျိုးသန့်ဇော် (ခ) သီဟဇော် (ခ) ဒီဒိုင်း ဆိုသူကို စတင်ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက် ကွင်းဆက်အရ ထိုနေ့ည ၈ နာရီအချိန်တွင် အဆိုပါဘီယာဆိုင်၌ပင် ပုန်းအောင်းသောက်စားနေသည့် ကျန်ရှိသော ပူးပေါင်းကျူးလွန်သူများဖြစ်ကြသည့် အောင်သူရကျော် (ခ) ဖိုးချစ် (၁၉ နှစ်)၊ စိုင်းသူရထွန်း (ခ) ဟုတ်ပ (၂၀ နှစ်) နှင့် စိုင်းဇူးဇူးမောင် (၂၀ နှစ်) တို့ ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း တရားခံ ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၄ ဦးစလုံးကို စစ်ဆေးမေးမြန်းရာတွင် အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆိုင်ကယ်အုပ်စုဖွဲ့ လုယက်မှုကို အတူတကွ ကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း ပြစ်မှုထင်ရှား ပေါ်ပေါက်ခဲ့သဖြင့် အမှုစစ် ဒုရဲအုပ် ရန်နိုင်ဦးက ဥပဒေအရ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူထုကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသည့် အဆိုပါ ဖြစ်စဉ်သည် လုံခြုံရေးကင်မရာမှတ်တမ်းများမှတစ်ဆင့် အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းအတွင်း ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့် ၁၂၃ လမ်းအနီးတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လုယက်သူနှစ်ဦးက ကပ်လိုက်လာပြီး ဆိုင်ကယ်ချင်း ခြေထောက်ဖြင့် ကန်ချခဲ့သဖြင့် ၎င်းအမျိုးသား လဲကျသွားခဲ့သည်ကို တွေ့ခဲ့ရသည်။

ထိုသို့ လဲကျသွားချိန်တွင် အနောက်မှ ထပ်မံကပ်ပါလာသည့် အခြားလုယက်သူနှစ်ဦးက လဲကျနေသည့် အမျိုးသားအား လက်နက်ဖြင့် ဦးခေါင်းကို အပြင်းအထန် ရိုက်နှက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် တိုက်ခိုက်ခံရသည့် အမျိုးသားမှာ အသက်လု၍ ထွက်ပြေးစဉ် ရှေ့က ဆိုင်ကယ်ကို ကန်သွားသည့် လုယက်သူနှစ်ဦးက လမ်းပြောင်းပြန် ပြန်လည်မောင်းနှင်လာပြီး ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံတိုက်ခိုက်ကာ ဆိုင်ကယ်အား အဓမ္မလုယူ မောင်းနှင်ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် တရားခံများကို ဖမ်းဆီးရမိခဲ့သော်လည်း မန္တလေးနှင့် အခြားမြို့ကြီးများ၌ ယခုကဲ့သို့ ရက်ရက်စက်စက် အုပ်စုဖွဲ့ လုယက်မှုများ နေ့စဉ်ထူပြောနေခြင်းကြောင့် ပြည်သူများအနေဖြင့် နေ့ညမရွေး လုံခြုံရေးအတွက် အထူးစိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်