By Reuters/CNA
အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲအား အဆုံးသတ်ရန်၊ အမေရိကန်၏ ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်နှင့် ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် နှစ်ဦးနှစ်ဖက် ပဏာမ မူဘောင်သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း နှစ်နိုင်ငံလုံးက တရားဝင် ထုတ်ဖော်ကြေညာသည်။
နှစ်ဖက်သဘောတူညီချက်ကို လာမည့် သောကြာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ တရားဝင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါသတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ချက်ချင်းထိုးကျသွားခဲ့ကာ ရှယ်ယာဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။
၎င်းခြေလှမ်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက စတင်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် အမေရိကန်၊ အီရန်နှင့် အစ္စရေးတို့ကြားက စစ်မက်မီးပွားများကို ငြိမ်းသတ်ပေးမည့် သမိုင်းဝင် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် သဘောတူညီချက် အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားပြောဆိုလိုက်သည်။
ထို့ပြင် ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ကလည်း လာမည့် ၂၄ နာရီအတွင်း သဘောတူညီချက် အပြီးသတ်နိုင်ခြေရှိပြီး ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည့် အွန်လိုင်း လက်မှတ်ရေးထိုးပွဲအတွက် အဆင်သင့်ပြင်ဆင်နေကြောင်း ပြောကြားထားသည်။
ယခုသဘောတူညီချက်အရ လာမည့် တနင်္လာနေ့ညမှစတင်၍ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ်ရှားမှုများကို ရေရှည် အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ကာ တရုတ်နှင့် ရုရှားအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းကူညီမှုကိုလည်း ပါကစ္စတန်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ဆိုထားသည်။
အမေရိကန်သမ္မတ ထရန့်၏ အဆိုအရ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးတွင် အဓိကကျပြီး လအတော်ကြာ ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားကို အခွန်အခပေးစရာမလိုဘဲ လာမည့်သောကြာနေ့တွင် ပြန်ဖွင့်ပေးမည်ဖြစ်သလို၊ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားသည့် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း အီရန်အပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအပါအဝင် ပိုမိုကျယ်ပြန့်သည့် သဘောတူညီချက်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး၊ အီရန်၏ နျူကလီးယားအစီအစဉ် ကံကြမ္မာကိုမူ နောင်ဆွေးနွေးပွဲများတွင် ဆက်လက်ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။
အဆိုပါစစ်ပွဲသည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ရေနံဈေးနှုန်းကြီးမြင့်မှုကြောင့် အမေရိကန်ပြည်တွင်း၌ ထရန့်အတွက် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်စေခဲ့သဖြင့် ယခုကဲ့သို့ စစ်ပွဲရပ်တန့်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
သို့သော် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အမေရိကန်၏ သဘောတူညီချက်အတွက် လက်ဘနွန်တွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်မည့်အပေါ် ထရန့်နှင့် သဘောထားကွဲလွဲနေပြီး၊ အစ္စရေးအနေဖြင့် လက်ဘနွန်တွင် လွတ်လပ်စွာ စစ်ဆင်ရေးလုပ်ပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ထရန့်ကမူ နယူးယောက်တိုင်းမ်စ် သတင်းစာနှင့် အင်တာဗျူးတွင် နေတန်ယာဟုသည် အလွန်ခက်ခဲသည့်လူတစ်ယောက်ဖြစ်ပြီး အီရန်၏ နျူကလီးယားအန္တရာယ်မှ အစ္စရေးကို ကယ်တင်ပေးခဲ့သည့်အတွက် ၎င်းကို ကျေးဇူးတင်သင့်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ဤသဘောတူညီချက် မူကြမ်းအောက်တွင် အမေရိကန်ဘက်က အေးခဲထားသည့် အီရန်၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို ပြန်လည်ထုတ်ပေးရန် သဘောတူထားသလို၊ အီရန်၏ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုများကို ဖျက်ဆီးဖယ်ရှားပစ်မလား သို့မဟုတ် အီရန်နိုင်ငံအတွင်း၌ပင် သိပ်သည်းဆလျှော့ချပြီး သန့်စင်မှုအဆင့် နှိမ့်ချမလားဆိုသည်ကိုမူ ဆက်လက်ညှိနှိုင်းရဦးမည် ဖြစ်သည်။
အမေရိကန်နှင့် အီရန်ကြားက ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကမ္ဘာ့စွမ်းအင်ဈေးကွက်နှင့် အရှေ့အလယ်ပိုင်း ဒေသတွင်း တည်ငြိမ်ရေးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေသော်လည်း၊ အမေရိကန် လွှတ်တော်အမတ်များဘက်က အီရန်၏ နျူကလီးယားအစီအစဉ်ကို အပြီးတိုင် ဖျက်သိမ်းရန် ဖိအားပေးနေသလို အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ကြားက တိုက်ပွဲများသည်လည်း မြေပြင်တွင် ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
