ဒေါ်‌အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကိုရီးယားအစိုးရနှင့် လွှတ်တော်တို့ ဖိအားပေးရန် တောင်းဆို

ဓာတ်ပုံ-စစ်အာဏာသိမ်းမှုဆန့် ကျင်ရေး ကော်မတီ-ကိုရီးယား
ဆိုးလ်မြို့လယ်တွင် ကျင်းပသော ဆန္ဒပြပွဲ။

နိုင်ငံ့ခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကိုရီးယားအစိုးရနှင့် လွှတ်တော်တို့က ထုတ်ဖော်တောင်းဆိုရန် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိ ခိုင်လုံပြီး ယုံကြည်စိတ်ချ ရသည့် အတည်ပြုချက်နှင့် သက်သေအထောက်အထားကို မြန်မာစစ်အုပ်စုက နိုင်ငံတကာသို့ အမြန်ဆုံး ချပြလာစေရန် လူသားချင်းစာနာမှု ရှုထောင့်မှနေ၍ ဝိုင်းဝန်းဖိအားပေး ကူညီတိုက်တွန်း ပေးရန်။ သားဖြစ်သူ ကင်အဲရစ်နှင့် မိသားစုဝင်များ၊ ပြင်ပကမ္ဘာနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် ရရှိစေရေးနှင့် ဒေါ်အောင်ဆန်းစုကြည် ရရှိသင့်သည့် အခြေခံ ဆေးဝါးကုသခွင့်၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိ စေရေး ကူညီပြောဆိုပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် စစ်အုပ်စုကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ဆက်လက်ဖိအားပေးရန် တောင်းဆိုထားကြောင်း စစ်အာဏာသိမ်းမှုဆန့် ကျင်ရေး ကော်မတီ-ကိုရီးယားက ထုတ်ပြန်သည်။

“ပြီးခဲ့တဲ့အပတ်က ကျနော်တို့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တာပါ”ဟု မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ် MFDMC အတွင်းရေးမှူးဦးကျော်ဆန်းက MPAသို့ ပြောသည်။

ဇွန်လ၁၄ရက်၊ မွန်းလွဲပိုင်းကလည်း ဆိုးလ်မြို့လယ်ရှိ မြောင်ဒုံ၌ မြန်မာ့တော်လှန်ရေးအဖွဲ့အ စည်းများနှင့် ပြည်သူတို့က နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် မွေးနေ့ “သက်ရှိထင်ရှား သက်သေပြပါ” “Proof of Life” ကမ်ပိန်းဆန္ဒပြပွဲ ကျင်းပခဲ့သေးသည်။

ယင်းဆန္ဒပြပွဲတွင် အကျဉ်းထောင်တံခါးများ ပွင့်ရမည်၊ ဖက်ဆစ်စနစ် ကျဆုံးရမည်ဟု ကြွေးကြော်ခဲ့ ကြပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်း သား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပြည်သူတရပ်လုံးနှင့်အတူ ထပ်တူ ထပ်မျှ ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်း ဆန္ဒပြပွဲက ထုတ်ဖော်ခဲ့ကြသည်ဟု စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ-ကိုရီးယားက ထုတ်ပြန်သည်။

“လူအင်အား ၂၀၀ဝန်းကျင် နဲ့ စုဝေးဆန္ဒပြခဲ့ကြတာပါ”ဟု ဦးကျော်ဆန်းက ဆက်လက်ပြောသည်။

ယင်းဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ် ဦးရန်နိုင်ထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာစည်းရုံးရေးကော်မတီ၊ ကိုရီးယား ဌာနခွဲ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်း‌ပေါ်မောင် နှင့် MFDMC အတွင်းရေးမှူး ကိုလင်းအိမ် တို့က တော်လှန်ရေး အားပေးစကားနှင့် Proof of Life ကမ်ပိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။