မွန်ပြည်နယ် အစိုးရတုက လောင်းကစားဂိုဏ်းချုပ်ကြီး အောင်ကြည်သိန်းကို လွှတ်တော်ထဲ ထိုင်နေ စေပြီး တစ်နေ့လုပ်တစ်နေ့စား နှစ်လုံးထီ ကော်မရှင်စားကိုမူ ထောင်ထဲထည့်ထားကြောင်း မော်လ မြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
တရားမဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်တွင် ဘာသာရေးခေါင်းစဉ်တစ်ခုခု တပ်ကာ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းထည့်သွင်းခြင်းကို ဝန်ကြီးချုပ်ခွင့်ပြုမှသာ လုပ်ခွင့်ရမည် ဟု ပြည်သူတို့က သိရှိကြောင်း မွန်ပြည်နယ်ကို ယခင်တရားမဝင်ဝန်ကြီးချုပ်အောင်ကြည်သိန်း(ယခု ပြည်နယ်လွှတ်တော်အမတ်)နှင့် လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က ၎င်းတို့၏အကျိုးစီးပွားအတွက် လောင်းကစားဇာတ်သွင်းကာ ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဂိုဏ်းချုပ်ကြီး အောင်ကြည်သိန်းက အခု လွှတ်တော်အမတ်။ဒုဂိုဏ်းချုပ်ဆိုတဲ့ ကျော်စွာမြင့်က လုံနယ်ဝန်ကြီး။အလုပ်အကိုင်မရှိလို့ ၂လုံးထီ ကော်မရှင်စားလုပ်ရတဲ့ သီရိမြိုင်က အမျိုးသမီးက ထောင်ထဲမှာ။ တရားနည်းလမ်းကျရဲ့လား”ဟု ၎င်းက MPAသို့ပြောသည်။
မေလ၃၀ရက်တွင် ချောင်းဆုံမြို့နယ်၊ကွမ်သဲရွာ၊ဆွမ်းလောင်းဓမ္မာရုံအနီး၌ အပျော်တမ်းဖဲရိုက်နေ သူ၄ဦးနှင့် မေလ၂၉ရက်တွင် မော်လမြိုင်မြို့၊သီရိမြိုင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးအား ၂လုံးထီ ရောင်းချနေသည်ဟုဆိုကာ သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ ရာမညအသံက ဖော်ပြထားသည်။
ဘာသာရေးခေါင်းစဉ်တပ်ကာ လောင်းကစားဝိုင်းလုပ်၍ လိုင်းကြေးရယူခြင်းသည် ဘာသာ၊ သာသ နာကိုစော်ကားခြင်းဖြစ်ကြောင်း ဒေသတွင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။
“အောင်ကြည်သိန်းနဲ့ ကျော်စွာမြင့် ကျူးလွန်တဲ့ ပြစ်မှုတွေက ဘာသာရေးကို စော်ကားမှု၊မော်လမြိုင် မြို့ကို လောင်းကစားမြို့တော်အဖြစ် နာမည်ဖျက်မှု၊ဒေသခံတွေရဲ့ စာရိတ္တကို ဖျက်ဆီးမှု။ဒီအမှုတွေ ကို ပေါင်းလိုက်ရင် တစ်သက်တစ်ကျွန်းလောက် ကျနိုင်တယ်”ဟု ၎င်းက ပြောသည်။
ဇွန်လ၁၆ရက်၊တရားမဝင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သန့်ဇော်က မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက် ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ရေး အဆိုကို တင်သွင်း ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများမှ လူတစ်စုက နေ့စဉ် လိုင်းကြေး ကျပ်သိန်း ထောင်ချီ ရရှိနေကြောင်းလည်း ပြောကြားခဲ့သည်။
