By MPA
တော်လှန်ရေးအင်အားစုအချို့၏ ဝေဖန်ပြောဆိုမှုများရှိနေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် တရုတ်အစိုးရထံမှ ၁ ယွမ်မျှ လက်ခံရရှိခြင်းမရှိသလို၊ အိမ်နီးချင်းနိုင်ငံများထံမှလည်း ၁ ဘတ်၊ ၁ ရူးပီး သို့မဟုတ် အမေရိကန်နိုင်ငံထံမှ ၁ ဒေါ်လာမျှ ရရှိခဲ့ဖူးခြင်းမရှိကြောင်း PLA အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော်က ၎င်း၏ လူမှုကွန်ရက်တွင် ရှင်းလင်း ရေးသားထားသည်။
လက်ရှိတွင် ရဲဘော်နီနီကျော်၊ PLA စစ်ဦးစီးချုပ် ဒေါက်တာကျော်မောင်နှင့် PLA ခေါင်းဆောင်များသည် မိခင်ဗမာပြည်အတွင်း၌ ရဲဘော်ရဲဘက်များ၊ မဟာမိတ်များနှင့်အတူ အတူတကွ နေထိုင်ကာ စစ်ကော်မရှင်အဖွဲ့ကို တိုက်ပွဲဝင်လျက်ရှိသည်ဟု ဆိုသည်။
PLA အနေဖြင့် ဗမာပြည်အနှံ့ ရပ်တည်ပြီး ယခုကဲ့သို့ စစ်မျက်နှာဖွင့် တိုက်ပွဲဝင်နေနိုင်ခြင်းမှာ ပြည်တွင်းပြည်ပရှိ ပြည်သူလူထုက လှူဒါန်းကျွေးမွေးသော ငွေကြေး၊ အစားအသောက်များနှင့် မဟာမိတ်များ၏ ထောက်ပံ့ကူညီမှုများကြောင့်သာ ဖြစ်ကြောင်း ရေးသားထားသည်။

ထို့ကြောင့် ဤတော်လှန်ရေးခရီးကြမ်းတွင် အဓိကကျေးဇူးတင်ရမည့်သူများမှာ ပြည်သူလူထု၊ မဟာမိတ်များနှင့် အသက်ခန္ဓာဘဝများကို ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မှူး၊ တပ်သားများနှင့် ကွန်မြူနစ်ပါတီတို့သာဖြစ်ကြောင်း ရဲဘော်နီနီကျော်က ရှင်းလင်းထားသည်။
ထို့ပြင် တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသော အာဇာနည်သူရဲကောင်းအပေါင်း ထာဝစဉ် ဥဒါန်းတွင်စေကြောင်း ရဲဘော်နီနီကျော်က ဆုတောင်းထားသည်။
