ဆီးခုံမွေးသဏ္ဌာန် ဆန်းသစ်တီထွင်ထားသည့် ခရိုစွန့်မုန့် လူမှုကွန်ရက်၌ ရေပန်းစားနေ

By MPA

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ မုန့်ဖုတ်လုပ်ငန်းတစ်ခုသည် ဆီးခုံမွေး (Pubic hair) နှင့် သဏ္ဌာန်တူအောင် ဆန်းသစ်တီထွင်ပြုလုပ်ထားသည့် ခရိုစွန့် (Croissant) မုန့်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီးနောက် စူးစမ်းလိုသူ ဖောက်သည်များနှင့် Content Creator များကြောင့် လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားလျက်ရှိသည်။

အဆိုပါ “Mor Oi croissant” ဟု အမည်ပေးထားသည့် အချိုပွဲမုန့်သည် ဖောက်သည်တစ်ဦးက ၎င်း၏သူငယ်ချင်းကို စနောက်ရန် (Prank) ထူးခြားဆန်းပြားသည့် မွေးနေ့ကိတ်မုန့်တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှတစ်ဆင့် စိတ်ကူးရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် မုန့်ဆိုင်က ၎င်းစိတ်ကူးကို ခရိုစွန့်မုန့်အဖြစ် ပြောင်းလဲဖန်တီးခဲ့ရာမှ လူမှုကွန်ရက်စာမျက်နှာများထက်တွင် ယခုကဲ့သို့ အာရုံစိုက်မှု အများအပြား ရရှိလာခဲ့ခြင်းဖြစ်သည်။

အမြင်အားဖြင့် ထူးဆန်းနေသော်လည်း မုန့်အပေါ်မှ ဖြူးထားသည့် အမွှေးအမျှင်ပုံသဏ္ဌာန် မှာ ပင်လယ်ရေမှော် ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း မုန့်ဆိုင်ဘက်က ပြောကြားထားသည်။

စွဲမက်ဖွယ်ကောင်းပြီး ထူးခြားလှသည့် ယခုအချိုပွဲမုန့်ကို အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပြီး၊ အဆိုပါ ဆန်းသစ်တီထွင်ထားသော မုန့်ကို လာရောက်မြည်းစမ်းလိုသည့် ခရီးသွားများကြောင့် ဆိုင်တံသ်လည်း လာရောက်လည်ပတ်သူ အလွန်များပြားလျက်ရှိကြောင်း သိရသည်။

Ref – khaosodenglish