စစ်တပ် ရမ်းပစ်သည့် လက်နက်ကြီးကြောင့် ကျောက်ကြီးဒေသခံအချို့ နေရပ်စွန့် တိမ်းရှောင်

ဓာတ်ပုံ- KHRG
လက်နက်ကြီးကြောင့် ထိခိုက်မှုများ။

ကျောက်ကြီးမြို့နယ်၊ကျွန်းကြီးကျေးရွာအုပ်စုအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ သဖြင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Karen Human Rights Group- KHRG က ယနေ့(ဇူလိုင်၃ရက်) သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စုထဲသို့ ဇွန်လ၂၅ရက် နံနက်ပိုင်း တွင် စစ်တပ်စခန်းမှ လက်နက်ကြီး၅လုံး ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်းနှင့် ဇွန်လ၂၃ရက် ညနေပိုင်းကလည်း ခလရ ၂၆၄ တပ်ရင်းမှ ကျွန်းကြီးကျေးရွာအုပ်စု ရွာ တစ်ရွာထဲသို့ ၁၂၀မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ အသက်၄၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KHRG က ထုတ်ပြန်ထားသည်။

“ပထမတစ်ကြိမ် လက်နက်ကြီးပစ်တုန်းက သိပ်မရှောင်ကြသေးဘူး။ ၂၅ရက်နေ့မှာ ၅လုံး ပစ်ခတ် တော့ မနေရဲကြတော့ဘူး။ အခုထိ ရွာထဲ မပြန်ကြသေးဘူး။ အခြေအနေ စောင့်ကြည့်နေတယ်။ ကျွန်းကြီးဆိုတာက မနှစ်တုန်းက မင်္ဂလာဆောင် ဗုံးကျတဲ့ရွာ”ဟု ညောင်လေးပင်သတင်းရင်းမြစ် က MPAသို့ပြောသည်။

လက်နက်ကြီးကျရောက်ခဲ့သော ကျေးရွာ၂ရွာမှ ရွာသားများမှာ ဘေးကင်းရာသို့ ထွက် ပြေးတိမ်း ရှောင်နေကြပြီး နေအိမ်နှင့် ပိုင်ဆိုင်မှုများ စောင့်ရှောက်ရန် ရွာသား အနည်းငယ်သာ ကျန်ရစ် ကြောင်း သိရသည်။

လက်ရှိတွင် အရပ်သားများသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကြောင့် စားဝတ်နေရေးအတွက် ကျေးရွာအပြင်ထွက်အလုပ်လုပ်ရန်ပင် မလုံခြုံတော့ ကြောင်း KHRG က ဆိုသည်။

၂၀၂၅ခုနှစ်၊မေလ၂၅ရက် နံနက်ပိုင်းတွင် ကျွန်းကြီးရွာအတွင်းရှိ မင်္ဂလာဆောင်ကျင်းပနေသည့် အိမ် တည့်တည့်သို့ စစ်တပ် တိုက်လေယာဉ်ဖြင့် ကြဲချသည့် ဗုံး ကျရောက်ခဲ့ရာ ၁၀ဦးကျော် သေဆုံးခဲ့ပြီး အယောက်၄၀နီးပါး ဒဏ်ရာရခဲ့သည်။

ခလရ ၂၆၄ တပ်ရင်းသည် ပိန်းဇလုပ်မြို့၌ အခြေစိုက်သည်။