ပတ္တရားက နတ်ပူဇော်စာ အုန်းသီးကို ဓာတ်ပုံရိုက်ဖော်လုပ်မိ၍ တောင်းပန်ခဲ့ရသည့် ရုရှားအမျိုးသမီးများ

By Khaosod News

ထိုင်းနိုင်ငံရှိ နာမည်ကျော် ပတ္တရားကမ်းခြေကို လာလည်သည့် နိုင်ငံခြားသူ ခရီးသည်တစ်စုသည် ဒေသခံများ၏ ရိုးရာယုံကြည်မှုအရ နတ်ပူဇော်ထားသည့် အုန်းသီးကို ကောက်ယူပြီး ဓာတ်ပုံရိုက်ကူးရာတွင် အသုံးပြုခဲ့မိ၍ အွန်လိုင်းပေါ်တွင် ဝေဖန်ဆွေးနွေးစရာ ဖြစ်ရပ်တစ်ခု ဖြစ်စေခဲ့သည်။

ယင်းဖြစ်ရပ်၌ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ၄၅ စက္ကန့်ကြာ ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ရာမှတစ်ဆင့် လူသိရှင်ကြား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုအတွင်း နိုင်ငံခြားသူ အမျိုးသမီးခရီးသည်တစ်စုသည် ချွန်ပူရီခရိုင်၊ ပတ္တရားတောင်ပိုင်းကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်မှ အုန်းသီးတစ်လုံးကို ကောက်ယူပြီး ကမ်းခြေအနီး ဓာတ်ပုံလှလှလေးရရန် အလှပြပစ္စည်း (Prop) အဖြစ် အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရသည်။

သတင်းထောက်များက အဆိုပါနေရာကို သွားရောက်စုံစမ်းခဲ့ရာမှာတော့ ဒေသခံပြည်သူများသည် လာဘ်လာဘပွင့်စေရန်နှင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကမ်းခြေစောင့်နတ်မင်းကို ရည်မှန်းပြီး အုန်းသီး၊ မုန့်များနဲ့ အနီရောင်အချိုရည်ပုလင်းများကို ယင်းသစ်ပင်အောက်တွင် ပုံမှန်လာရောက် ပူဇော်ပသလေ့ရှိကြသည်ဟု သိရသည်။

အဆိုပါနေရာသည် ထိုင်းနိုင်ငံသားသာမက နိုင်ငံခြားသားများပါ ကမ်းခြေအလှဓာတ်ပုံရိုက်ရန် ရေပန်းစားသည့်နေရာတစ်ခု ဖြစ်သည်။ သို့သော် ဒေသခံများကမူ အဆိုပါအမျိုးသမီးများသည် အုန်းသီးကို ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပူဇော်စာဖြစ်မှန်း မသိခဲ့ကြသကဲ့သို့ ဘာသာရေးအရ မရိုမသေလုပ်ရန် ရည်ရွယ်ချက်လည်း မရှိကြကြောင်း ယူဆနားလည်ပေးခဲ့ကြသည်။

ယင်းဗီဒီယိုကို ရိုက်ကူးခဲ့သည့် အသက် ၃၅ နှစ်အရွယ် ကိုဝမ်ချိုင်းကတော့ “အစောပိုင်းက နိုင်ငံခြားသား ခရီးသည် လေးငါးယောက်လောက် အဲဒီအပင်အောက်မှာ နားနေတာကို တွေ့ခဲ့ရတယ်။ ကျွန်တော်လည်း သူတို့ကို လန်ကျွန်း (Koh Larn) ကို သွားမလို့လားလို့ နှုတ်ဆက်မေးမြန်းပြီးတဲ့နောက်မှာ ခရီးသည်တစ်ယောက်က အဲဒီပူဇော်ထားတဲ့ အုန်းသီးကို ကောက်ကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ ကမ်းခြေဘက်ကို လျှောက်သွားတော့တာပဲ” ဟု ပြောသည်။

ထို့ကြောင့် ၎င်းဟာ ဘာသာပြန်အက်ပ် (Translation App) ကို အသုံးပြုပြီး ယင်းအုန်းသီးသည် နတ်ပူဇော်ထားသည့်အရာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

“သူတို့ နားလည်သွားတဲ့အချိန်မှာ အရမ်းလန့်သွားပြီး ချက်ချင်းပဲ တောင်းပန်ကြပါတယ်။ သူတို့က ထိုင်းနိုင်ငံရဲ့ ရိုးရာဓလေ့ကို မသိလို့ပါလို့ ပြောပြီး ရုရှားဘာသာစကားနဲ့ပါ အနူးအညွတ်တောင်းပန်ပြီး အုန်းသီးကို မူလနေရာမှာပဲ ပြန်ထားပေးခဲ့ကြပါတယ်” ဟု ကိုဝမ်ချိုင်းက ဆိုသည်။

ယင်းဖြစ်ရပ်လေးသည် ပြီးပြတ်သွားခဲ့သော်လည်း ထိုင်းနိုင်ငံအတွင်းရှိ ဘာသာရေးနှင့် စိတ်ဝိညာဉ်ဆိုင်ရာ အထွတ်အမြတ်ထားရာ နေရာများကို လည်ပတ်သည့်အခါ နိုင်ငံခြားသားများအနေဖြင့် ဒေသန္တရ ယဉ်ကျေးမှုဆိုင်ရာ အသိပညာ (Cultural Awareness) ရှိရန် ဘယ်လောက်အရေးကြီးလဲဆိုသည်ကို အွန်လိုင်းပေါ်တွင် အကျယ်တဝံ့ ဆွေးနွေးစရာ ဖြစ်လာစေခဲ့သည်။

ဓာတ်ပုံ – Khaosod