မိခင်ဖြစ်သူကို ဒလန်ခေါင်းစဉ်တပ်ထားသည့် နတ်မောက် ပကဖအနေဖြင့် သက်သေပြရန် သားဖြစ်သူ တောင်းဆို

By MPA

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒေါ်ဇင်မေထွန်းအား စစ်တပ်သတင်းပေးဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သားဖြစ်သူ ကိုအောင်ကောင်းခန့်က နတ်မောက် ပ.က.ဖ အဖွဲ့၏ လုပ်ရပ်များနှင့် ထုတ်ပြန်ချက်အပေါ် မရိုးသားကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ကာ သက်သေပြရန် ယနေ့ တောင်းဆိုထားသည်။

ကိုအောင်ကောင်းခန့်၏ ရေးသားချက်အရ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က မိခင်ဖြစ်သူ ဒေါ်ဇင်မေထွန်းအား နတ်မောက် ပ.က.ဖ အဖွဲ့က လာရောက်ခေါ်ဆောင်သွားစဉ်အတွင်း ဖုန်း ၄ လုံး၊ ရွှေထည်လက်ဝတ်လက်စားများ၊ ပိုက်ဆံအိတ်နှင့် ငွေသား ၈ သိန်းကျပ် အပါအဝင် K-Pay အကောင့်ထဲမှ ငွေကြေးများနှင့် ဆိုင်ကယ်တစ်စီးတို့ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုင်ဆိုင်မှုများနှင့် မှတ်ပုံတင်တို့ကို ကျန်ရစ်သူမိသားစုထံ ယနေ့အထိ တစ်စုံတစ်ရာ ပြန်လည်အပ်နှံခြင်း မရှိသည့်အပေါ် မည်သည့်ရည်ရွယ်ချက်ကြောင့် သိမ်းဆည်းထားသနည်းဟု မိသားစုက မေးခွန်းထုတ်ထားသည်။

ထို့အပြင် ဒေါ်ဇင်မေထွန်းသည် မေလ ၁၇ ရက်နေ့တွင် သေဆုံးခဲ့ပြီး တစ်လကျော် ကြာမြင့်သည့်တိုင်အောင် နတ်မောက် ပ.က.ဖ အဖွဲ့၏ Facebook စာမျက်နှာမှ ထုတ်ပြန်ချက်ကို ဖျက်ချခဲ့ကြောင်း၊ ယခုအခါ မိသားစုဘက်က လူမှုကွန်ရက်ပေါ်တွင် အမှန်တရားအတွက် စတင်ထုတ်ဖော် ရေးသားပြီးခါမှသာ ပ.က.ဖ ဘက်က ထုတ်ပြန်ချက်စာသား ထွက်ပေါ်လာခြင်းဖြစ်၍ အဖွဲ့၏ လုပ်ရပ်မှာ ရိုးသားမှုမရှိကြောင်း ထောက်ပြထားသည်။

“လူတစ်ယောက်ကို သတ်ပြီးမှ ဒလန်ပါဆိုတဲ့ စွပ်စွဲချက်နဲ့ ခေါင်းစဉ်တပ်လိုက်တာဟာ လုံးဝအဓိပ္ပာယ်မရှိတဲ့ ထုတ်ပြန်ချက်ပါ။ ဒလန်ဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားနဲ့ စစ်တပ်နဲ့ ဆက်သွယ်ပြောဆိုထားတဲ့ အချက်အလက် သက်သေတွေကို ချပြပေးစေချင်ပါတယ်” ဟု ကိုအောင်ကောင်းခန့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပ.က.ဖ အဖွဲ့၏ စွပ်စွဲချက်များထဲတွင် ပါဝင်သော ပ.က.ဖ အဖွဲ့အား ဈေးမရောင်းရန် စည်းရုံးခြင်း နှင့် အကြိမ်ကြိမ် သတိပေးခဲ့ခြင်း ဆိုသည့် အချက်များနှင့် ပတ်သက်၍လည်း ကိုအောင်ကောင်းခန့်က မေးခွန်းထုတ်ထားသည်။

၎င်း၏ မိခင်ဖြစ်သူသည် ရွာသို့ အဖွဲ့ဝင်များလာရောက်စဉ် အလှူငွေများစွာ ထည့်ဝင်ခဲ့သူဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့အား ရွာသူရွာသားများက ဈေးမရောင်းဘဲ နေရဲမည်မဟုတ်ကြောင်းနှင့် ယခင်က ရွာအတွင်း အလားတူ သတ်ဖြတ်ခံခဲ့ရသည့် လူ ၆ ဦး၏ ဖြစ်စဉ်ကို အကြောင်းပြ၍ မိခင်ဖြစ်သူအား ပုံချစွပ်စွဲနေခြင်းဖြစ်ကြောင်း ရေးသားထားသည်။

၎င်းက ဆက်လက်၍ PDF အမည်ခံကာ တရားလက်မဲ့ လုပ်ဆောင်နေသည့် အချို့သောအဖွဲ့အစည်းများကြောင့် တော်လှန်ရေးတွင် တကယ်တမ်း စနစ်တကျ လုပ်ဆောင်နေသည့် PDF များစွာ ထိခိုက်နစ်နာရကြောင်းနှင့် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များသည် ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးအတွက် စိုးရိမ်စရာဖြစ်ကြောင်း ဝေဖန်ထားသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဇင်မေထွန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးမှာ စစ်အုပ်စု၏ ဒလန်သူလျှိုအကြီးစား ဖြစ်ခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဇူလိုင်လ ၂ ရက်နေ့တွင် သတင်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်