တောင်ငူထောင်မှ နိုင်ကျဉ်း၁၀၀ကို သာယာဝတီထောင်သို့ ရုတ်တရက် ရွှေ့

ဓာတ်ပုံ-AAPP
ပုံစာ- သာယာဝတီထောင်။

ပဲခူးတိုင်း၊တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား၁၀၀ အပါအဝင် စုစုပေါင်း၅၀၀ခန့်ကို သာယာဝတီ ထောင်သို့ ရုတ်တရက် ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က သတင်းထုတ်ပြန်သည်။

အကျဉ်းထောင်အာဏာပိုင်များက ထောင်ပြောင်းရွှေ့ခံရမည့်သူများ၏ အမည်များကို တစ်ရက် ကြို တင်ခေါ်ယူကာ ခြေချင်းများခတ်ထားပြီး ယနေ့ (ဇူလိုင်လ ၂၃ ရက်)နံနက် ၃ နာရီခွဲခန့်၌ အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၀၀ နှင့် အခြားအကျဉ်းသား စုစုပေါင်း ၅၀၀ ခန့်ကို ၁၂ ဘီးယာဉ်များဖြင့် သာ ယာဝတီထောင်သို့ ရုတ်တရက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုသို့ ထောင်ပြောင်းရွှေ့စဉ် အကျဉ်းသားတစ်ဦးလျှင် စောင် ၃ထည်နှင့် အင်္ကျီတစ်စုံသာ သယ်ဆောင် ခွင့်ပြုပြီး ကျန်ကိုယ်ပိုင်ပစ္စည်းများနှင့် ထောင်ဝင်စာပစ္စည်းများကို ထောင်အာဏာပိုင်များက သိမ်း ဆည်းလိုက်ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း အကျဉ်းသားများကို ခြေချင်းခတ်ခြင်း၊ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် ရုတ်တရက် ထောင်ပြောင်းရွှေ့ခြင်းများသည် အကျဉ်းသားများအပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ စနစ်တကျ ပြုလုပ်နေခြင်းဖြစ်ကြောင်း PPNM က ဆိုသည်။