ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance – SRA) တာဝန်ရှိသူတို့ တွေ့ဆုံကာ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်၂၀ရက်တွင် ယင်း၂ဖွဲ့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး SCEFအလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက် ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြကြောင်း SCEF က ယနေ့(ဇူလိုင် ၂၅ရက်)ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။
ထို့နောက် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလ ရှီးလ နှင့် SRAမှ ကိုဆောင်းခ တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကာ အစည်းအဝေးကို အောင်မြင် စွာ အဆုံးသတ်ခဲ့သည်။
SCEFသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နှင့် မန္တလေး ဒေသတို့ရှိ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများနှင့် ဇူလိုင်၁၇ရက်က အစည်းအဝေးပြုလုပ်ကာ လက်ရှိနိုင်ငံရေးအခင်း အကျင်းနှင့် ရှေ့နိုင်ငံရေးအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသေးသည်။
