ကလေးငယ်များ ဘုရားစင်ပေါ် တက်ထိုင်သည့် ရုပ်သံကို အကြောင်းပြ၍ မိဘကို ဖမ်းဆီးရန် စစ်လော်ဘီများ ချောက်တွန်းနေ

By MPA

ကလေးငယ် နှစ်ဦးအား ဘုရားစင်ပေါ် တက်ထိုင်ခိုင်းသည့် ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါ ကလေးငယ်များ၏ မိဘဖြစ်သူအား ဖမ်းဆီးအရေးယူပေးရန် စစ်တပ် ထောက်ခံသည့် လော်ဘီများက အွန်လိုင်းမှတစ်ဆင့် ဖိအားပေး လှုံ့ဆော်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ‘U Toe’ အမည်ရှိ TikTok အကောင့်ပိုင်ရှင်က မိသားစုအတွင်း ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုအား လိုင်းပေါ်သို့ တင်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံ ပျံ့နှံ့သွားပြီးနောက် စစ်တပ်ထောက်ခံသူ လော်ဘီ သဇင်ဦး ဆိုသူက ၎င်း၏ Telegram ချန်နယ်မှတစ်ဆင့် “လက်ဦးဆရာ မိဘ၏ မဖွယ်မရာ လုပ်ရပ်ကို တာဝန်ရှိသူများက စိစစ်ဆုံးမပေးပါ” ဟု ခေါင်းစဉ်တပ်ကာ ကာယကံရှင်၏ အကောင့် လင့်ခ် (Link) များနှင့်တကွ ဖမ်းဆီးအရေးယူပေးရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကာယကံရှင်ဖြစ်သူက အဆိုပါ ပို့စ်နှင့် ရုပ်သံဖိုင်များကို ပြန်လည်ပယ်ဖျက်ထားသော်လည်း စစ်လော်ဘီများက Download ရယူထားသည့် ရုပ်သံဖိုင်နှစ်ခုဖြင့် ဆက်လက် ဖြန့်ဝေ၍ တိုင်ကြားမှုများ ပြုလုပ်နေကြသည်။

အဆိုပါ လှုံ့ဆော်သူ သဇင်ဦးသည် ဘာသာရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး ခေါင်းစဉ်တပ်ကာ တိုင်ကြားနေသော်လည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိမ်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို စစ်လော်ဘီ ကျော်စိုးဦး၊ ဇော်ဘုန်းဟိန်း တို့နှင့်အတူ ဗြောင်ငြင်းဆန် လှုံ့ဆော်လေ့ရှိသူတစ်ဦး ဖြစ်သည်။

အထွေထွေ ပိတ်ဆို့မှုများကြောင့် Facebook ထက် VPN မလိုဘဲ သုံးစွဲနိုင်သည့် TikTok နှင့် Telegram တို့ကို ပြည်သူများ ပြောင်းလဲသုံးစွဲလာကြရာ စစ်လော်ဘီများသည် အဆိုပါ ပလက်ဖောင်းများပေါ်အထိ လိုက်လံစောင့်ကြည့်၍ ဘာသာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အမှားအယွင်းများကို အကြောင်းပြကာ ဖမ်းဆီးခိုင်းသည့် နည်းဗျူဟာများ ပိုမိုကျင့်သုံးလာကြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်တွင် ကိုယ်ရေးကိုယ်တာ ရုပ်သံများနှင့် အချက်အလက်များ တင်ဆက်ရာတွင် စစ်လော်ဘီများ၏ ပစ်မှတ်ထား ချောက်တွန်းသည့် အန္တရာယ်မှ ကင်းဝေးစေရန် အထူးသတိပြု သွားလာကြရန် အွန်လိုင်းအသုံးပြုသူအချင်းချင်း သတိပေး တိုက်တွန်းထားကြသည်။