ကျောင်းသားတစ်ဦး ဌက်ပျော၂ပင် စိုက်ရန် မွန်အစိုးရတု ညွှန်ကြား၊ ယတြာဌက်ပျော မင်းအောင်လှိုင် စိုက်ခိုင်းဟုဆို

ဓာတ်ပုံ-ဒေသတွင်း မီဒီယာ

မွန်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားတစ်ဦးလျှင် ဌက်ပျော၂ပင် စိုက်ရန် အစိုးရတုက ညွှန်ကြားလိုက်ကြောင်း သိရသည်။

ကျောင်းတွင်း အာဟာရဖြည့်ဆည်းပေးနိုင်ရေးဆိုသည့်ခေါင်းစဉ်ဖြင့် မွန်ပြည်နယ်အတွင်းရှိ အစိုးရ တုအာဏာ သက်ရောက်မှုရှိသော အထက်တန်းကျောင်း၊အလယ်တန်းကျောင်းနှင့် မူလတန်းတို့တွင် ဌက်ပျောပင် စိုက်ခိုင်းခဲ့ရာ ကျောင်းအချို့၌ စတင်စိုက်ပျိုးနေရပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရတု အဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ဌက်ပျောပင်စိုက်တဲ့ ကုန်ကျစရိတ်ကို ကျောင်းတွေက ကိုယ့်ဘာသာရှာရမယ်။ မြေနေရာမရှိတဲ့ ကျောင်းတွေဆိုရင်လည်း ရွာထဲက မြေလွတ်တဲ့နေရာတွေမှာ စိုက်ကို စိုက်ရမယ်ဆိုတော့ သန်းရွှေ ခေတ်တုန်းက ကြက်ဆူပင်လိုမျိုး မအလ စိုက်ခိုင်းတဲ့ ယတြာဌက်ပျောလို့ ပြောကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

မင်းအောင်လှိုင်၏ ဌက်ပျောစိုက် ယတြာကြောင့် ကျောင်းတွင်း အားကစားကွင်းနေရာ ပျောက်ဆုံး ခြင်း၊ဌက်ပျောပင်များ အုံခဲလာပါက ကလေးများကို အန္တရာယ်ပြုနိုင်သည့် ခြင်နှင့်မြွေကဲ့သို့သော တိ ရာစ္ဆာန်များ ခိုအောင်းနိုင်ခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ချောင်းဆုံရပ်ကျေးအုပ် ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အခု ကျနော်တို့ဆီက ကွမ်သဲအထက မှာ တစ်သျှူးဌက်ပျောလို့ပြောတယ်။စိုက်နေရပြီ။ချောင်းဆုံ အထကဆို ကျောင်းသားထောင်ချီရှိတယ်။ ဘောလုံးကွင်းတွေဘာတွေမှာ အကုန်လျှောက်စိုက်ရမှာ ပဲ။မစိုက်မနေရဆိုတော့”ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းအချို့တွင် ပြည်နယ်အစိုးရတုအဖွဲ့ဝင် ဝန်ကြီးများကိုယ်တိုင် ဦးဆောင် ကာ ဌက်ပျောပင်စိုက်ပွဲကို အခမ်းအနားဖြင့် ပြုလုပ်နေကြောင်း သိရသည်။

“ဦးမင်းအောင်လှိုင်က ဉာဏ်ရည်နိမ့်ပေမဲ့ ကမ်းကုန်အောင် ရက်စက်တော့လည်း အခုလို မဟုတ်က ဟုတ်ကတွေ လုပ်ခိုင်းလည်း ဘယ်သူ ပြောရဲမှာလဲ။ပြည်နယ်ဝန်ကြီးကိုယ်တိုင် ဌက်ပျောပင်စိုက်အ ခမ်းအနား ကျင်းပနေတော့ ဟာသတွေ ဖြစ်ကုန်ရော”ဟု ၎င်းက ပြောသည်။

ဇူလိုင်၂၇ရက်တွင် မော်လမြိုင်မြို့ အထက(၁)ကျောင်း၌ ဌက်ပျောပင်စိုက်ပွဲ ပြုလုပ်ခဲ့ရာ လူမှုရေး ဝန်ကြီးတု တင်ဇော်ထွန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတု မင်းမြင့်မောင်လေး တို့ တက်ရောက်ခဲ့သည်။

ဇူလိုင်၂၆ရက်က ချောင်းဆုံမြို့နယ်၊ ကွမ်သဲအထကတွင် ဌက်ပျောပင်စိုက်ပွဲ ပြုလုပ်ခဲ့ရာ လာဘ် စားရာ၌ နာမည်ကြီးသော ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်း တက်ရောက် အမှာစကား ပြောခဲ့သေးသည်။