By CNN
ကား၊ အိမ်ခန်း သို့မဟုတ် ရုံးခန်းများကို ငှားရမ်းသုံးစွဲကြသကဲ့သို့ ယခုအခါ မိမိ၏ နောက်ထပ် အိုင်ဖုန်း (iPhone) ကိုပါ ငှားရမ်းသုံးစွဲနိုင်တော့မည် ဖြစ်သည်။
လျှပ်စစ်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာပြီး သုံးစွဲသူများကလည်း စက်ပစ္စည်းများကို ကြာရှည်ကိုင်တွယ်လာကြချိန်တွင် iPhone၊ Mac နှင့် အခြားထုတ်ကုန်များကို ဈေးပိုမိုသက်သာစွာ သုံးစွဲနိုင်ရန်အတွက် Apple က ငှားရမ်းခွင့်စနစ် အသစ်တစ်ခုကို စတင်လိုက်ခြင်း ဖြစ်သည်။
Apple သည် ဤအစီအစဉ်အတွက် ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် Klarna နှင့် ပူးပေါင်းထားပြီး အမေရိကန်ပြည်ထောင်စုတွင် အင်္ဂါနေ့မှစတင်ကာ Apple Store စတိုးဆိုင်များ၊ အွန်လိုင်းနှင့် Apple Store App တို့မှတစ်ဆင့် စတင်ရယူနိုင်မည် ဖြစ်သည်။
ဤအစီအစဉ်တွင် iPhone နှင့် Apple Watch များကို ၁၂ လ သို့မဟုတ် ၂၄ လ သက်တမ်းဖြင့် ငှားရမ်းနိုင်ပြီး Macs နှင့် iPads များကိုမူ ၂၄ လ သို့မဟုတ် ၃၆ လ သက်တမ်းအထိ ငှားရမ်းနိုင်မည် ဖြစ်သည်။
ငှားရမ်းခွင့် အစီအစဉ်တွင် ပါဝင်မည့် ထုတ်ကုန်များမှာ iPhone 17 အမျိုးအစားများ၊ iPhone Air၊ Apple Watch Series 11၊ Apple Watch Ultra 3၊ MacBook Air၊ MacBook Pro၊ iMac၊ Mac Studio၊ iPad Air၊ iPad Pro နှင့် iPad Mini တို့ဖြစ်ပြီး၊ ဈေးနှုန်းပိုမိုသက်သာသည့် iPhone 16၊ MacBook Neo၊ အခြေခံ iPad နှင့် Apple Watch SE တို့မူ ပါဝင်မည်မဟုတ်ပေ။
ယခု ငှားရမ်းမှု အစီအစဉ်အသစ်သည် ၁၂ လအထိ လစဉ်ကြေး ပေးသွင်းပြီးသည်နှင့် iPhone အသစ်ကို လဲလှယ်ခွင့်ပြုခဲ့သည့် ယခင် ‘iPhone Upgrade Program’ ၏ နေရာတွင် အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။
အစီအစဉ်အသစ်သည် ထိုသဘောတရားအတိုင်း Apple ထုတ်ကုန်အမျိုးအစား ပိုမိုစုံလင်စွာ သုံးနိုင်စေရန် ရည်ရွယ်ပြီး ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် ငွေပေးချေမှုစနစ်များနှင့်အတူ လစဉ်ကြေး ပိုမိုသက်သာမှုကို စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။
Apple ၏ ဝဘ်ဆိုက်ဖော်ပြချက်အရ အသက်သာဆုံး iPhone ငှားရမ်းခမှာ တစ်လလျှင် ၁၇.၉၉ ဒေါ်လာသာ ကျသင့်မည်ဖြစ်ရာ ယခင် upgrade plan ၏ အနိမ့်ဆုံး လစဉ်ကြေးဖြစ်သော ဒေါ်လာ ၄၂ ဝန်းကျင်ထက်များစွာ လျှော့နည်းသွားမည်ဖြစ်သည်။
ဈေးကွက်သုတေသနလုပ်ငန်း International Data Corporation မှ လေ့လာဆန်းစစ်သူ Francisco Jeronimo ၏ ပြောကြားချက်အရ ဤအစီအစဉ်သည် သုံးစွဲသူများကို iPhone သို့မဟုတ် Mac တစ်လုံး ဝယ်ယူခြင်းအား ကုန်ကျစရိတ်ကြီးမားသည့် ဝယ်ယူမှုတစ်ခုအဖြစ် မမြင်တော့ဘဲ အခြားလစဉ်ကြေးပေး သုံးစွဲမှု (Subscription) တစ်ခုကဲ့သို့ သဘောထားလာစေနိုင်ကြောင်း သိရသည်။
Reviews.org ၏ စေတနာ့ဝန်ထမ်း စာရင်းကောက်ယူမှုအရ အမေရိကန် ပုံမှန်သုံးစွဲသူတစ်ဦးသည် ဖုန်းတစ်လုံးကို ပျမ်းမျှ ၂၂ လခန့် ကြာအောင် ကိုင်တွယ်ကြသဖြင့် နှစ်စဉ် ဖုန်းမလဲတော့သည့် ဖြစ်စဉ်ကိုလည်း တွေ့ရသည်။
တစ်ဖက်တွင်လည်း ဒေတာစင်တာများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် Memorပ ပြတ်လပ်မှုများကြောင့် Apple သည် အချို့သော Mac နှင့် iPad မော်ဒယ်များအပါအဝင် ထုတ်ကုန်အများအပြားကို ဈေးနှုန်းမြှင့်တင်ခဲ့ရသဖြင့် ရှေ့ဆက်ထွက်ရှိလာမည့် iPhone များလည်း ဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း သုတေသီအချို့က ခန့်မှန်းထားကြသည်။
သုတေသနလုပ်ငန်း TechInsights မှ ဒုတိယဥက္ခဋ္ဌ Mike Howard ကလည်း ဒေါ်လာ ၁,၀၀၀ သို့မဟုတ် ၁,၂၀၀ တန် iPhone အစား ဒေါ်လာ ၁,၅၀၀ တန် iPhone များကို စတင်စဉ်းစားရတော့မည်ဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့ဖူးသည်။
စက်တင်ဘာလတွင် ပြုလုပ်မည့် Apple ၏ မျှော်လင့်ထားသော iPhone မိတ်ဆက်ပွဲ မတိုင်မီ ဤငှားရမ်းမှုအစီအစဉ်အသစ် ထွက်ရှိလာခြင်းဖြစ်ပြီး Bloomberg ၏ ဖော်ပြချက်အရ Apple သည် ကုမ္ပဏီ၏ ဈေးအကြီးဆုံး စမတ်ဖုန်းဖြစ်လာနိုင်သည့် ပထမဆုံး ခေါက်ဖုန်းကို ထုတ်လုပ်သွားရန် မျှော်လင့်ရသည်။
ထို့ကြောင့် လေ့လာဆန်းစစ်သူ Jeronimo က Apple ၏ ယခု ငှားရမ်းခွင့်စနစ်သည် Apple အတွက် ကွက်တိလိုအပ်နေသည့် အချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည် ဟု မှတ်ချက်ပြုပြောကြားထားသည်။
