ဂါဇာတွင် အကြမ်းဖက်မှုများလုပ်ဆောင်ရန် ငွေလွှဲပေးခဲ့သည့် မြန်မာလူငယ်တစ်ဦး စင်္ကာပူတွင် တရားစွဲခံရ၊ ထောင်ဒဏ် ၁၀နှစ်ထိ ကျခံရနိုင်

By MPA

အကြမ်းဖက်လုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့မှု ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် စင်္ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိထားသူ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၂၀၀၂၊ ပုဒ်မ ၄(၁)(က) အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် တရားရုံး၌ တရားစွဲဆိုတော့မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါလူငယ်၏ ဆိုရှယ်မီဒီယာပေါ်မှ အစွန်းရောက် ပို့စ်များကို သက်ဆိုင်ရာ အာဏာပိုင်များက တွေ့ရှိခဲ့ပြီးနောက် စင်္ကာပူ ပြည်တွင်းလုံခြုံရေးဌာန (ISD) က စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးချက်များအရ ထိုလူငယ်သည် အွန်လိုင်းမှ အစွန်းရောက် အကြောင်းအရာများကို ကြည့်ရှုလေ့လာရင်း အစွန်းရောက် စေတနာပါလာခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် HAMAS အဖွဲ့၏ အစ္စရေးအပေါ် တိုက်ခိုက်မှုအပြီးတွင် အွန်လိုင်းပေါ်ရှိ အစ္စလာမ်မုန်းတီးရေး အကြောင်းအရာများကြောင့် မူဆလင်များအပေါ် စတင်မုန်းတီးလာခဲ့ပြီး ကျမ်းစာလာ သန့်ရှင်းသော မြေသည် ဂျူးလူမျိုးများအတွက်သာ သီးသန့်ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် ပလတ်စတိုင်း မူဆလင်များကို သတ်ဖြတ်ခြင်းမှာ မှန်ကန်သည်ဟု ယူဆသည့် အစွန်းရောက် ဇီယွန်ဝါဒကို သက်ဝင်ယုံကြည်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ၂၀၂၅ ခုနှစ် အစောပိုင်းတွင်မူ ဆိုရှယ်မီဒီယာပေါ်ရှိ လက်ယာစွန်း အယူအဆများနှင့် ဂျူးမုန်းတီးရေး ဖော်ပြချက်များကို ထပ်မံကြည့်ရှုခဲ့သဖြင့် ဂျူးလူမျိုးများအပေါ်ပါ မုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ဂျူး၊ မူဆလင်၊ ဥရောပသို့ ပြောင်းရွှေ့လာသူများနှင့် LGBT အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်မှုပြုလုပ်ခြင်းကို ထောက်ခံကြောင်း အွန်လိုင်းတွင် ပို့စ်များ ရေးသားတင်ခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း၌ အဆိုပါလူငယ်သည် “X” (ယခင် Twitter) ပလက်ဖောင်းမှတစ်ဆင့် ဆက်သွယ်ခဲ့သည့် ပြည်ပအခြေစိုက် အကောင့်တစ်ခုထံသို့ ငွေကြေးလွှဲပြောင်းပေးခဲ့ကြောင်းလည်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အကောင့်ပိုင်ရှင်သည် စစ်ရေးအသုံးအဆောင်များ ဝယ်ယူရန် အလှူခံနေခြင်းဖြစ်ပြီး အရပ်သားများအပါအဝင် ပါလတ်စတိုင်းလူမျိုး အားလုံးကို အပြီးတိုင် သုတ်သင်ရန် ရည်ရွယ်သည့် ဂါဇာမြို့ရှိ အကြမ်းဖက်လုပ်ရပ်များကို အထောက်အကူပြုရန်အတွက်ဟု စွပ်စွဲခံရသူက ယုံကြည်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ISD က ဤအမှုကို စီးပွားရေးစုံစမ်းစစ်ဆေးရေးဌာန (CAD) သို့ လွှဲပြောင်းပေးခဲ့ရာ CAD ၏ စုံစမ်းစစ်ဆေးမှုအရ ဂါဇာမြို့ရှိ အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန် “X” အကောင့်ပိုင်ရှင် ညွှန်းဆိုထားသော PayPal အကောင့်များသို့ အမေရိကန်ဒေါ်လာ ၇၂.၂၈ ဒေါ်လာ လွှဲပြောင်းပေးခဲ့ပြီး ထပ်မံ၍ ၁ ဒေါ်လာ လွှဲပြောင်းရန် ကြိုးပမ်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။

စင်္ကာပူနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၂၀၀၂ အရ အကြမ်းဖက်မှုများအတွက် မည်သည့် ငွေကြေးပမာဏကိုမဆို ထောက်ပံ့ခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်ပြီး စင်္ကာပူဒေါ်လာ ၅၀၀,၀၀၀ ထက် မပိုသော ဒဏ်ငွေ၊ သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ်ထက် မပိုသော ပြစ်ဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်သည်။

စင်္ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုများသည် နိုင်ငံတကာ လုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သဖြင့် မိမိတို့နိုင်ငံကို အခြေပြု၍ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်း သို့မဟုတ် ထောက်ခံခြင်းများကို လုံးဝသည်းခံမည်မဟုတ်ဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များအတွက် မည်သည့် ငွေကြေး သို့မဟုတ် ပစ္စည်းအထောက်အပံ့ကိုမျှ ပေးအပ်ခြင်း မပြုကြရန်နှင့် ထိုကဲ့သို့သော လှုပ်ရှားမှုများကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ချင်း သတင်းပေးပို့ကြရန် သတိပေး နှိုးဆော်ထားသည်။