မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာထဲသို့ စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လင်မယား၂ဦးသေဆုံးပြီး ကျောင်းမှ ပြန်လာသည့် မူလတန်းကလေး၄ဦး ပြင်းထန်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
ဇွန်လ၅ရက်၊ညနေ ၃နာရီခွဲခန့်တွင် စစ်တပ်လော်ဘီတို့က သတင်းမှားယွင်းပေးမှုကြောင့် ဂျက်ဖိုက် တာ၂စင်းဖြင့် ဗုံး၄လုံး ကြဲချခဲ့ရာ ကျေးရွာထဲသို့ ဗုံး၃လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်၆လုံး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က သတင်းထုတ်ပြန်သည်။
“သိရသလောက် အဲမှာ တိုက်ပွဲလည်း ဖြစ်မနေဘူး။ဘာမှလည်း မရှိဘူး။ပြောကြတာတော့ လော်ဘီ တွေ သတင်းမှားပေးလို့ လာပစ်တာလို့ ပြောကြတယ်။ဒါပေမဲ့၊အချိန်တိုင်း ဗုံးကကြဲနေတော့ သတင်း မှားပေးလို့ဆိုတာလည်း မယုံကြပါဘူး။ကလေးတွေခမျာ သူတို့သားသမီးမဟုတ်တိုင်း လုပ်ရပ်တယ်” ဟု မလှိုင်မြို့၊အမှတ်၃ရပ်ကွက်သားတစ်ဦးက MPAသို့ပြောသည်။
မလှိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံးသည် စစ်တပ်လက်အောက်ခံ ပညာရေးဝန်ထမ်း များဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီးPDF တို့ကလည်း နှောက်ယှက်ခြင်းမရှိဘဲ ကျောင်းပညာကိုသာ လွတ်လပ်စွာ ဦးစားပေးသင်ကြားကြရန် ဆရာ၊ဆရာမများအား မှာကြားထားပြီးဖြစ်ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က ထုတ်ပြန်သည်။
“ကလေးတွေ အခြေအနေတော့ ဘာမှထပ်မကြားသေးဘူး။ဆိုးရင်တော့ ကြားမှာပါ။အခု ကုသ နေတုန်းလို့ပဲ ကြားတယ်”၎င်းက ဆက်လက်ပြောသည်။
မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာ၅ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့သေးကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့က ဆိုသည်။
