လုံခြုံရေးကောင်စီ၏ ဖန်တစ်ရာတေ ပျက်ကွက်မှုကြောင့် မြန်မာပြည်သူတို့ အယုံအကြည်ကင်းမဲ့၊ ဗီတိုအာဏာသည် ကောင်စီကို ထိရောက်မှုကင်းမဲ့သည့်အဖွဲ့ဖြစ်စေဟုဆို

ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

အရပ်သားများကို ကာကွယ်ရန် ဖန်တစ်ရာတေအောင် ပျက်ကွက်ခဲ့မှုများကြောင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီအပေါ် မြန်မာပြည်သူတို့၏ ယုံကြည်ကိုးစားမှု သိသိသာသာ အားနည်းခဲ့ကြောင်း သံအ မတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

ဇွန်လ၅ရက်၊ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင် အထွေထွေညီလာခံ သို့ တင်သွင်းသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီအရင်ခံစာနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အ ထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သလို လုံခြုံရေးကောင်စီသည် မြန်မာပြည်သူတို့၏ ယုံကြည် ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ရန်မှာ ထိရောက်သော အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ အစီအမံများပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်တစ်ရပ် အပါအဝင် အချိန်မီ၊ ထိရောက် သော ဆုံးဖြတ်၊ ဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်ရန် မဖြစ်မနေ လိုအပ်ကြောင်းလည်း ဆိုသည်။

လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၅ခုနှစ်၊မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဘေးအပြီး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံနှင့် ပတ် သက်သည့် ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ ကို အတည်ပြုချမှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ပထမ ဆုံးသောရလဒ်ဖြစ်ကြောင်း သို့သော်၊ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းခဲ့သည့် လုံခြုံရေးကောင်စီ သဘာပ တိ ကြေညာချက်တစ်ရပ်နှင့် အခြားသော သတင်း ထုတ်ပြန်ချက် တစ်ရပ်မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၂ခု၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲ ဖြစ်ကြောင်း ဗီတိုခြိမ်းခြောက်မှုများသည် မြန်မာနိုင်ငံအ ရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်တာများကို ဆိုင်းငံ့ပိတ်ဆို့နေပြီး ကောင်စီကို ထိရောက်မှုကင်းမဲ့သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖြစ်စေကြောင်း သံအမတ်ကြီးက ပြောသည်။

“လုံခြုံရေးကောင်စီဆိုတာ သွားမပါတဲ့ကျားပါပဲ။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေမှာ ဗီတိုအာဏာ လုပ် ပိုင်ခွင့်ရှိသရွေ့ မြန်မာပြည်သူတွေကို မင်းအောင်လှိုင် စိတ်ကြိုက်သတ်တာ ခံနေရဦးမှာပဲ”မုံရွာအ ခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

လုံခြုံရေးကောင်စီအနေဖြင့် အကြမ်းဖက် စစ်အုပ်စုကြောင့် ဆိုးရွားလာနေသည့် အခြေအနေနှင့် မြန်မာပြည်သူများ ခံစားနေရသည့် လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခများကို ဖြေရှင်းပေးနိုင်ရေး လိုက် လျောညီထွေ ဆောင်ရွက်သင့်ကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ လက် ချက်ဖြင့် လူပေါင်း ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကာ လူပေါင်း ၃ဒဿမ၆ သန်းမှာ နေရပ် စွန့် ခွာ ထွက်ပြေးနေရပြီး ပြည်သူ ၂၂ သန်းနီးပါးသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အ ရေးတကြီး လိုအပ်နေကြောင်း၊ လုံခြုံရေးကောင်စီ၏ ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ် ရာတွင် ကြာရှည်ကျယ်ပြန့်လာသည့် ကွာဟချက်သည် ကောင်စီ၏ လုပ်ငန်းဆောင်တာ ချို့ယွင်းနေမှု ကိုသာမက မြေပြင်အခြေအနေနှင့် ဆက်စပ်မှု ကင်းမဲ့လာသည်ကိုပါ ထင်ရှားစွာ သက်သေပြနေ ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။