ပဲခူးတိုင်း၊ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သား၂၀ကျော် သေဆုံးခဲ့ကြောင်း PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်သည်။
ဇွန်လ၃ရက်တွင် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၈၊ ၁၉လက်အောက်ရှိ PDF တပ်ရင်းများနှင့် နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ပူးပေါင်း၍ စစ်သားအင်အား၆၀ခန့်ရှိ ဆွာမကြီး (ဆွာရွာမ)ကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက်၆နာရီခွဲခန့်၌ စခန်းသိမ်းနိုင်ခဲ့ပြီး ဂျီသရီး ၁၁လက်၊ MA-3 တစ်လက်၊ MA-11 တစ်လက်၊ ပစ္စတို တစ်လက် နှင့် ခဲယမ်းမျိုးစုံ(၁၀၀၀) ကျော် ၊ အီ နာဂါ၅ခု၊ နင်းမိုင်း ၂လုံး၊ ၁၄ မိုင်း ၃လုံး၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့် ၊ ကျည်ဘောက် ၉ခု၊စားနပ်ရိက္ခာ နှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားသည့် ဗိုလ်မှူးကျော်လင်းအောင်မှာ အမှတ် ၆၀၁၇ တင့် ကားတပ်ရင်းမှ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဇွန်လ၃ရက်၊နံနက်၆နာရီခွဲခန့်တွင်လည်း ဆွာမြို့နယ်၊ရွာသစ်ကျေးရွာ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သေးကြောင်း PDFစစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်နှင့် ဆွာမြို့နယ်ရှိ ကျေးရွာများအ တွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ၁၈၊ ၁၉ တပ်ရင်းများ၊ နေပြည်တော် ပကဖ၊ ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်း၊ ပူးပေါင်း မဟာမိတ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဇွန်လ ၄ရက်၊ ည ၈နာရီခန့်ကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီးကျေး ရွာအနီးတွင် စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာသော ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၇ လက်အောက်ခံ တပ်ရင်း ၉၀၂နှင့် ၉၀၃တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စိုင်ကောင်း ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထား သေးသည်။
