အာဏာသိမ်းစစ်အုပ်စုကို ပုံအောထောက်ခံနေသော တရုတ်အစိုးရက မြန်မာပြည်သူများ၏ ရွေးချယ်မှာကို လေးစားကြောင်း ပြောကြားလာပြန်သည်။
ဇွန်လ ၅ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန် ကြီးဝမ်ယိသည် ဘေဂျင်းမြို့၌ မြန်မာအစိုးရတု နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သလို တရုတ်နိုင်ငံအနေနှင့် အခြားနိုင်ငံများ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူဝါဒအား အမြဲတစေ ဆုပ်ကိုင်ထားကြောင်းလည်း ဆို သည်။
“တရုတ်အစိုးရဆိုတာ နိုင်ငံရေးပါးဝတယ်။နိုင်ငံရေးအရေထူတယ်။သူတို့အကျိုးစီးပွားကိုပဲ ကြည့် တယ်။ဒေသတွင်းနိုင်ငံတွေကို ဗိုလ်ကျစိုးမိုးတယ်။အရပ်စကားနဲ့ပြောရရင် ဗြောင်လိမ်ဗြောင်စား ပြောရဲတယ်ပေါ့။မြန်မာပြည်သူတွေအတွက် ကံဆိုးခြင်းများစွာနဲ့ အိမ်နီးချင်းဆိုးရထားတာပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို အားပေးထောက်ခံကြောင်း မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဖော်ဆောင်ခြင်းအပေါ် ထောက်ခံကြောင်း လည်း ဝမ်ယိက ပြောသည်။
ဆက်လက်ပြီး ဝမ်ယိက အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်း သိမ်းလိုကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံဘက်က တိကျသေချာစွာ အာမခံပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ၂၀၂၄ခုနှစ်၊ဩဂုတ်လအတွင်း နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး နောက် စစ်အုပ်စုဘက်က ပြတ်သားစွာ ရပ်တည်ကာ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်း တင်းဝင်ရောက်စွက်ဖက်ခဲ့သည်။
စစ်တပ်က လေကြောင်းဗုံးသီးများ ထုတ်လုပ်နိုင်ရေးအတွက် တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီက အကူအညီပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီက ၂၀၂၅ခုနှစ်၊ဇူလိုင်၁၆ရက် တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။
