By Reuters
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအလွန်တွင် ယနေ့ ဇွန်လ ၈ ရက်၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် တာဝန်ရှိသူများက ဆူနာမီသတိပေးချက်များ အရေးပေါ်ထုတ်ပြန်ထားရကြောင်း သိရသည်။
ဒေသတွင်းသတင်းဌာနနှင့် နိုင်ငံတကာသတင်းဌာများအနေဖြင့် လတ်တလောတွင် လူသေဆုံးမှုနှင့် ကြီးမားသည့်ပျက်စီးမှု သတင်းများကိုတော့ မရရှိသေးကြောင်း သိရသည်။
အဆိုပါ ပြင်းထန်ငလျင်ကြောင့် ဖိလစ်ပိုင်၊ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန် ဆူနာမီသတိပေးစနစ်တို့က ဆူနာမီသတိပေးချက်များ အသီးသီးထုတ်ပြန်ခဲ့ရသည်။
ကမ်းရိုးတန်းဒေသရှိ ပြည်သူများအနေဖြင့် မြင့်မားသော ကုန်းမြေများဆီသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန်လည်း သတိပေးထားသည်။
ဂျာမန်မြေကမ္ဘာသိပ္ပံ သုတေသနဗဟိုချက်၏ ထုတ်ပြန်ချက်အရ ၎င်းငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာ (၆.၂ မိုင်) ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား ဘူမိရုပ်ဗေဒအေဂျင်စီများကမူ ငလျင်ပြင်းအားကို ၇.၀ နှင့် ၇.၇ အဆင့် အသီးသီးရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ငလျင်ဗဟိုချက်နှင့် ၁၅ ကီလိုမီတာခန့် ကွာဝေးသည့် ဖိလစ်ပိုင်နိုင်ငံ ဂျင်နရယ်ဆန်းတို့စ် (General Santos) မြို့ရှိ ရေဒီယိုသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ ငလျင်လှုပ်ခတ်စဉ်အတွင်း အိမ်ထောင်ပရိဘောဂများ လဲပြိုခြင်း၊ တီဗွီနှင့် လူသုံးကုန်ပစ္စည်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး လူအများသည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။
လက်ရှိတွင် နောက်ဆက်တွဲငလျင် (Aftershocks) များ ဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပြီး အာဏာပိုင်များက ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လိုက်လံစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။
ငလျင်ဗဟိုချက်အနီးရှိ ဆာရန်ဂါနီ (Sarasgani) ပြည်နယ်တွင်မူ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားကာ စာသင်ကျောင်းများကိုလည်း ယာယီပိတ်ထားရသည်။
ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အလံတင်အခမ်းအနား ပြုလုပ်နေစဉ် ငလျင်ပြင်းထန်စွာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ လူအချို့ မူးလဲမှုများရှိခဲ့ကာ ရဲစခန်းအဆောက်အအုံတွင်လည်း အက်ကြောင်းများ ထင်ကျန်ခဲ့ကြောင်း သိရသည်။
ဆာရန်ဂါနီပြည်နယ် မာဆင် (Maasim) မြို့တွင် ကမ်းရိုးတန်းကျေးရွာများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေပြီး၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ပင်လယ်ရေ ချက်ချင်းဆုတ်သွားခဲ့သော်လည်း လက်ရှိတွင် ပုံမှန်အခြေအနေအတိုင်းသာ ရှိနေသေးကြောင်း၊ သို့သော် တံတားတစ်စင်း အက်ကွဲသွားကာ ဘာသာရေးဆောက်အအုံတစ်ခု ပြိုကျပျက်စီးသွားခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအရာရှိများက ဆိုသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr) က အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများကို အမြန်ဆုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေပြီး၊ မင်ဒါနာအိုကျွန်းကို ပစ်ပယ်ထားမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာသည်။
ဖိလစ်ပိုင် ဘူမိဗေဒအေဂျင်စီ (Phivolcs) က ငလျင်ကြောင့် ပျက်စီးမှုများ ရှိလာနိုင်သလို အမြင့် ၁ မီတာထက်ကျော်လွန်သည့် ဆူနာမီလှိုင်းလုံးကြီးများ နာရီပေါင်းများစွာကြာအောင် ဆက်တိုက်တက်လာနိုင်ကြောင်း သတိပေးထားပြီး၊ အင်ဒိုနီးရှား ဘူမိရုပ်ဗေဒအေဂျင်စီ (BMKG) ကမူ လက်ရှိအချိန်အထိ ၀.၁၉ မီတာအမြင့်ရှိ လှိုင်းလုံးငယ်များကိုသာ စတင်စုံစမ်းတွေ့ရှိရသေးကြောင်း ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကမ္ဘာ့မြေငလျင်နှင့် မီးတောင်လှုပ်ရှားမှု အပြင်းထန်ဆုံးဖြစ်သည့် ပစိဖိတ်မီးကွင်းဒေသ(Pacific Ring of Fire) ပေါ်တွင် တည်ရှိနေခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း အင်အားအနည်းအများရှိသော ငလျင်ပေါင်း ရာနှင့်ချီ၍ ကြုံတွေ့နေရသည့် နိုင်ငံများ ဖြစ်ကြသည်။
ဓာတ်ပုံ – ရိုက်တာ
