မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် လတ်တလော ရက်ပိုင်းအတွင်း ထိုင်းဘတ်ငွေအတုများ အလုံးအရင်းဖြင့် ပျံ့နှံ့ဝင်ရောက်လာနေသောကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းလုပ်ကိုင်နေကြသူများနှင့် ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်နေကြသူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ ဘတ်ငွေအတုများ ပျံ့နှံ့နေသည့် အခြေအနေနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေသည့် ဝါရင့်လုပ်ငန်းရှင်များကိုယ်တိုင် ခွဲခြားရန် ခက်ခဲနေကြောင်း ကုန်သည်တစ်ဦးက ဆိုသည်။
“ဒီရက်ပိုင်း ဘတ်ငွေ အတုတွေ ပုံစံမျိုးစုံနဲ့ လာနေတာကြောင့် ငွေစီးဆင်းမှု လုပ်ငန်းတွေမှာ ဂယက်ရိုက်နေကြပါတယ်။ ငွေလဲတာကို နှစ်ပေါင်းများစွာ လုပ်နေကြတဲ့သူတွေပါ အတုမိတာကို တွေ့နေရတယ်” ဟု မဲဆောက်အခြေစိုက် ကုန်သွယ်ရေးလုပ်နေသည့် ကုန်သည်တစ်ဦးက ဆိုသည်။
ထိုသို့ ဘတ်ငွေအတုများ အမြောက်အမြား ဝင်ရောက်လာနေသည့် အခြေအနေမှာ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်စင်တာများနှင့် ငွေတုလုပ်ငန်းများမှ အမြောက်အမြား ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု ကုန်သည်တစ်ဦးက ဆိုသည်။
“တစ်တော့နဲ့ အွန်လိုင်းချယ်နယ်တွေမှာ ငွေတုကိုသုံးဖို့ ပေါ်တင်တွေ ဆွယ်လာကြတယ်။ ကုန်သွယ်ရေးနဲ့ ငွေလဲလုပ်ငန်းတွေမှာ တစ်သိန်းအစည်းမှာဆိုရင် ၂ ရွက် ၃ ရွက်လောက် ညှပ်ပါပါလာတယ်။ ဒါကြောင့် အချိန်ယူပြီး ငွေတုစစ်တဲ့ ဘောပင်နဲ့ တစ်ရွက်ချင်းစီ စစ်ယူရတဲ့ အခြေအနေ ဖြစ်ကုန်တယ်” ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးနှင့် ရွှေ့ပြောင်းလုပ်သားများအကြား အဓိက အသုံးပြုနေရသည့် ထိုင်းဘတ်ငွေ ဈေးကွက်အတွင်း ယခုကဲ့သို့ အတုအပများ သောင်းကျန်းလာခြင်းကြောင့် အခြေခံလူတန်းစားများနှင့် စီးပွားရေးလုပ်ကိုင်သူများ ငွေကြေးဆုံးရှုံးမှု မရှိစေရန်အတွက် ငွေစက္ကူများကို သေချာစွာ စစ်ဆေးပြီးမှသာ လက်ခံလဲလှယ်ကြရန် လုပ်ငန်းရှင်အသိုင်းအဝိုင်းက သတိပေးနှိုးဆော်ထားကြသည်။
“သာမန်ဒုစရိုက်သမားတွေအနေနဲ့ ထိုင်းဘတ်ငွေလို ကမ္ဘာ့အဆင့်မီ စက္ကူအမျိုးအစားနဲ့ လုံခြုံရေးအမှတ်အသားတွေကို ဝါရင့်သူတွေ မျက်စိလည်အောင် တုပဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အခုလို အလုံးအရင်းနဲ့ ပျံ့နှံ့လာမှုဟာ နည်းပညာနဲ့ ငွေကြေးအင်အား တောင့်တင်းပြီးသားဖြစ်တဲ့ ကျားဖြန့်စင်တာတွေ ဒါမှ မဟုတ် သူတို့စီကနေ ပျံ့လာတဲ့ ငွေတုစက်တွေ၊ ကွန်ရက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေဖို့ ရာခိုင်နှုန်း အလွန်များပါတယ်” ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိ ငွေတုစစ်သည့် ဘောပင်တစ်ချောင်းလျှင် ဘတ် ၁၀၀ မှ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ယခုအပတ်အတွင်း ငွေလဲလုပ်ငန်းလုပ်သူများနှင့် ကုန်သည်များကြားတွင် အသုံးပြုမှု များလာကြောင်း သိရသည်။
