စစ်ကိုင်းတိုင်း၊ကနီမြို့နယ် တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ စတားလင့်ဆိုင်များကို NUG အစိုးရက အခွန်စတင်ကောက်ခံသဖြင့် ဒေသခံတို့ အခက်တွေ့နေကြောင်း သိရသည်။
စတားလင့်စက်တစ်လုံးကို ၆လလျှင် ကျပ်၅သိန်း ကောက်ခံပြီး စတားလင့် လိုင်းသုံးခအဖြစ် တစ်နေ ကုန်သုံး ကျပ်၅၀၀၀ ကောက်ရန် မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့၊ကနီမြို့နယ်လက် အောက်ရှိ ဆက်သွယ်ရေးဆိုင်ရာအဖွဲ့က သတ်မှတ်ပေးလိုက်ကြောင်း စတားလင့်ဆိုင်ပိုင်ရှင်တစ်ဦး ထံက သိရသည်။
“မနေ့(ဇွန်၈ရက်)က စတားလင့်ဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်တယ်။ဆိုင်ရှင်တွေက ဘာမှ ညှိနှိုင်းခွင့် မရဘူး။၆လ ၅သိန်း လုံးဝမလျှော့ဘူး။ဒါက စတားလင့်မိန်း(main)ဆိုင်တွေကို ကောက် တာ။မိန်းဆိုင်တွေက တစ်ဆင့် ပြန်ယူတဲ့ လက်ခွဲဆိုင်တွေကို ဘယ်လိုကောက်မလဲဆိုတာ မသိသေး ဘူး”ဟု ၎င်းက MPAသို့ပြောသည်။
ဇွန်၈ရက်က ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ စတားလင့်ဆိုင်ရှင်များအားလုံးနှင့် မြစ်အနောက်ဘက် ကမ်းရှိ ဆိုင်ရှင်အချို့တို့ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အစည်းအဝေးခေါ်ကာ တစ်ခါတည်း ငွေ ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
“အရင်တုန်းက စတားလင့်သုံးခက တစ်နေကုန်ကို ၃၀၀၀တို့ ၂၀၀၀တို့။ တချို့လက်ခွဲဆိုင်ဆို တစ်နာ ရီ ၅၀၀။လိုင်းကောင်းတဲ့ဆိုင်က တစ်နာရီ၁၀၀၀၊ ၂နာရီ၁၅၀၀ စသဖြင့်ပေါ့။ အရင်က စတားလင့်စက် တွေက လစဉ်ကြေးပဲ ပေးရတယ်။အခုက အခွန်ထပ်ပေးရတာဆိုတော့ တော်တော်မကိုက်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
စတားလင့်အင်တာနက်ရရှိရန် လစဉ်ကြေးအဖြစ် တစ်လလျှင် ဒေါ်လာဈေးအတက်အကျအပေါ် မူတည်ကာ ကျပ်၄သိန်းဝန်းကျင် စတားလင့်ကုမ္ပဏီထံ ပေးဆောင်ရကြောင်း သိရသည်။
“အခွန်ပေးရတာကို မပြောလိုပါဘူး။ဒါပေမဲ့၊ ဆိုင်ရှင်တွေ၊ဒေသခံတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ဖြစ် သင့်တဲ့ ဈေးနှုန်း သတ်မှတ်စေချင်တာပါ။စတားလင့်ဆိုင်တွေက အသားတင်အမြတ်အစွန်း ဘယ် လောက်ရနေသလဲ။သုံးစွဲသူတွေရဲ့ စီးပွားရေးအခြေအနေက ဘယ်လိုရှိသလဲ။ဒါတွေကို အရင်လေ့ လာသုံးသပ်ပြီးမှ လုပ်စေချင်တာပါ။ တချို့ရွာတွေမှာ စတားလင့် ၂လုံး၊၃လုံး ရှိနေလို့ လာသုံးသူက အဲလောက်များတော့တာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ အခွန်ကောက်ခံမှုကို ယခု၆လပတ်အတွင်း မြို့နယ်အရေးပေါ်အုပ် ချုပ်ရေး (ဗဟို)အဖွဲ့၊ကနီမြို့နယ်က ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်တစ်ခေါက်၆လမှစတင်ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက တာဝန်ယူသွားမည်ဟုသိရကာ တော်လှန်ရေးတပ် ရင်း၊ တပ်ဖွဲ့များ၌ အသုံးပြုနေသည့် စတားလင့်မှလွဲ၍ ကျန်စတားလင့်များအားလုံးအား အခွန် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
“တချို့တပ်ဖွဲ့တွေက ရန်ပုံငွေရအောင်ဆိုပြီး ရွာတွေမှာ စတားလင့်ဆိုင် လာဖွင့်တာမျိုးရှိတယ်။အဲလို မျိုးကိုလည်း အခွန်ကောက်တယ်။တခြား ကျနော်တို့ဒေသက ပညာရေးတို့ ကျန်းမာရေးအဖွဲ့တို့က ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ စတားလင့်တွေကိုလည်း အခွန်ကောက်တယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် စတားလင့်ဆိုင်များ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းသို့ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ကနီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ သတင်းနှင့်ပြန်ကြား ရေးထံ MPAက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
