အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို အနုပညာကဏ္ဍဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း နေပြည်တော်တွင် ယမန်နေ့ ဇွန်လ ၈ ရက်ကကျင်းပသည့် တရုတ်ရုပ်ရှင်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ထည့်သွင်းပြောကြားသည်။
သို့သော် မကြာသေးမီက အိန္ဒိယနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ အကူအညီကို ရှာကြံနေသကဲ့သို့ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ ထောက်ခံမှုမပြတ်စေရန် မျက်နှာလိုမျက်နှာရ ဖားယားပြောဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အွန်လိုင်းလူထုနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
မင်းအောင်လှိုင်သည် ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ် (J’C Cinemax) ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် တိုးတက်နေသည်ကို အားရဖွယ် တွေ့ရှိရကြောင်း ဆိုသည်။
ထို့ပြင် ခရစ်နှစ် ၈၀၂ ခုနှစ်က တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည့် ပျူဂီတအနုပညာ သံတမန်အဖွဲ့၏ သမိုင်းကြောင်းကို ဆွဲထည့်ကာ လက်ရှိအချိန်အထိ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို အနုပညာကဏ္ဍဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောဆိုသွားသည်။
ထို့ပြင် ယခုကဲ့သို့ ရုပ်ရှင်ပြပွဲ ဆောင်ရွက်မှုများသည် နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးကို မြှင့်တင်ရာတွင် အရေးကြီးပြီး၊ အနုပညာ၏အစွမ်းဖြင့် သမိုင်းဝင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှာ မျိုးဆက်သစ်များအထိ အဓွန့်ရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် ဆက်ဆံရေးတွင် အေးအတူပူအမျှရှိသည့် အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း မျက်နှာချိုသွေး ပြောကြားသည်။
မင်းအောင်လှိုင်သည် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
မြေပြင်စစ်မျက်နှာများတွင် ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် အိန္ဒိယနိုင်ငံဘက်သို့ လှည့်၍ အကူအညီတောင်းခံခဲ့ပြီးနောက်၊ ယခုတစ်ခါတွင်လည်း နှစ်နိုင်ငံ သံတမန်ရေးရာ ရက်မြတ်ကို အကြောင်းပြကာ တရုတ်အစိုးရ စိတ်ကျေနပ်စေရန်အတွက် နေပြည်တော်တွင် ရုပ်ရှင်ပွဲများ ပြုလုပ်၍ ဖားယားပြနေခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
နိုင်ငံရေးသုံးသပ်သူများကမူ စစ်ခေါင်းဆောင်သည် ပြည်တွင်းတွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောင့် နယ်မြေများ အလုံးအရင်း ဆုံးရှုံးနေရသလို၊ နိုင်ငံတကာတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပယ်ခံဖြစ်နေရသဖြင့် သံတမန်ရေး ထွက်ပေါက်ရှာနေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံဆီ သွားရောက်ကာ အားကိုးရှာခဲ့သကဲ့သို့၊ တစ်ဖက်တွင်လည်း စစ်အုပ်စုအပေါ် စိတ်ပျက်နေသည့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို ပြန်လည်ကုစားရန် ဆွေမျိုးပေါက်ဖော်ဟူသော စကားလုံးများနှင့် အေးအတူပူအမျှဆိုသည့် အသုံးအနှုန်းများကို သုံးစွဲကာ အတင်းအကျပ် ဖားယားနေရခြင်း ဖြစ်သည်။
အထူးသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို နေ့စဉ် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင်က အနုပညာဖြင့် ပြည်သူချင်း စိတ်နှလုံးချင်း ပေါင်းစည်းမည်ဟု ပြောဆိုနေခြင်းမှာ အလွန်ပင် ကွဲလွဲရယ်ဖွယ်ကောင်းလှပြီး၊ ၎င်း၏ ဟိုဘက်ဒီဘက် လှည့်၍ ဖားယားနေသည့် သံတမန်ရေး လှုပ်ရှားမှုများသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် မဟုတ်ဘဲ ၎င်း၏ အာဏာတည်မြဲရေးသက်သက် အတွက်သာ ရည်ရွယ်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားကြသည်။
စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – စစ်အုပ်စု
