အာဖဂန်နစ္စတန်ပိုင်နက်နှင့် လေပိုင်နက်ကိုအကြိမ်ကြိမ်ချိုးဖောက်မှုများအတွက် တုံ့ပြန်သည့်အနေဖြင့် နယ်စပ်တွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည့် တိုက်ပွဲများအတွင်း ပါကစ္စတန်စစ်သား ၅၈ ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန်နစ္စတန်က အောက်တိုဘာ ၁၂ ရက် နေ့တွင် ပြောကြားခဲ့သည်။
ပါကစ္စတန်စစ်တပ်ကမူ ၎င်းတို့၏စစ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းသီတင်းပတ်အစောပိုင်းတွင် အာဖဂန်အာဏာပိုင်များက ပါကစ္စတန်သည် မြို့တော် ကဘူးလ်နှင့် နိုင်ငံအရှေ့ပိုင်းရှိ ဈေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း ပါကစ္စတန်က ဝန်ခံခြင်းမရှိပေ။
တာလီဘန်အစိုးရ၏ အဓိကပြောရေးဆိုခွင့်ရှိသူ ဇဘီဟူလာ မူဂျာဟစ်က အာဖဂန်တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်စစ်တပ်စခန်း ၂၅ ခုကို သိမ်းပိုက်ခဲ့ပြီး ပါကစ္စတန်စစ်သား ၃၀ ဦး ဒဏ်ရာရခဲ့သည်ဟု ပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန်ရဲ့ တရားဝင်နယ်စပ်တွေနဲ့ လက်ရှိထိန်းချုပ်ထားတဲ့ နယ်စပ်မျဉ်းအားလုံးမှာ အခြေအနေဟာ လုံးဝထိန်းချုပ်မှုအောက်မှာရှိနေပြီး တရားမဝင်လုပ်ဆောင်မှုတွေကို အကြီးအကျယ် တားဆီးနိုင်ခဲ့ပါတယ်” ဟု မူဂျာဟစ်က ကဘူးလ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပါကစ္စတန်သည် ယခင်ကလည်း စစ်သွေးကြွများ ခိုအောင်းရာနေရာများဟု စွပ်စွဲကာ အာဖဂန်နစ္စတန်အတွင်းရှိ နေရာများကို တိုက်ခိုက်ခဲ့ဖူးသော်လည်း ယင်းတို့မှာ ဝေးလံခေါင်သီသော တောင်တန်းဒေသများတွင်သာ ဖြစ်ခဲ့သည်။ နှစ်ဖက်စလုံးသည် ယခင်ကလည်း နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးသည်။
တာလီဘန်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များက နယ်စပ်တစ်လျှောက်တွင် “လက်တုံ့ပြန်သည့် အောင်မြင်သော စစ်ဆင်ရေးများ” ကို လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“တစ်ဖက်အဖွဲ့က အာဖဂန်နစ္စတန်ရဲ့ နယ်မြေပိုင်နက်ကို ထပ်မံချိုးဖောက်မယ်ဆိုရင် ကျွန်တော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့နယ်စပ်တွေကို ကာကွယ်ဖို့ အပြည့်အဝ ပြင်ဆင်ထားပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုကို ပေးသွားမှာပါ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါကစ္စတန်အနောက်တောင်ပိုင်းရှိ ချာမန် နယ်ဖြတ်ကျော်ဂိတ်ကိုလည်း ပိတ်ထားပြီး လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာမှုကြောင့် ပါကစ္စတန်မှ ထွက်ခွာလာသော အာဖဂန်ဒုက္ခသည်များအပါအဝင် လူများကို ဝင်ခွင့်မပြုဘဲ ပြန်လှည့်ခိုင်းခဲ့သည်။
ပါကစ္စတန်က တားမြစ်ထားသော တီဟ်ရစ်-အီ-တာလီဘန် ပါကစ္စတန် အဖွဲ့ဝင်များကို ခိုလှုံခွင့်ပေးထားသည်ဟု အာဖဂန်အာဏာပိုင်များက စွပ်စွဲသည်။ အစ္စလာမာဘတ်က ထိုအဖွဲ့သည် ပါကစ္စတန်အတွင်း သေစေနိုင်သော တိုက်ခိုက်မှုများ ပြုလုပ်သည်ဟု ဆိုသော်လည်း ကဘူးလ်က ထိုစွပ်စွဲချက်ကို ငြင်းဆိုကာ ၎င်းတို့၏ပိုင်နက်ကို အခြားနိုင်ငံများကို ဆန့်ကျင်သည့် လုပ်ဆောင်ရန် ခွင့်မပြုကြောင်း ပြောကြားသည်။
ပါကစ္စတန်သည် အထူးသဖြင့် အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် စစ်သွေးကြွမှုများ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။ ၎င်းတို့၏ နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှင့် ပြိုင်ဘက်ဖြစ်သည့် အိန္ဒိယက လက်နက်ကိုင်အဖွဲ့များကို ကျောထောက်နောက်ခံပြုနေသည်ဟုလည်း သက်သေမပြဘဲ စွပ်စွဲထားသည်။
