သံဖြူဇရပ်မြို့တွင် ရွှေထည်ပစ္စည်းသိမ်းပြီးပြန်လာသည့် ဇနီးမောင်နှံ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၄၀၀၀ နီးပါး ရွှေထည်ပစ္စည်းပါသွား

By Min AB / MPA

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ပေါ်တွင် ရွှေဆိုင်သိမ်းပြီး ပြန်လာချိန် အိမ်ရှေ့အနားအရောက် ဓါးပြတိုက်ခံရပြီး ရွှေထည် ပစ္စည်းတန်းဖို ကျပ်သိန်းလေးထောင်နီးပါး ပါသွားကြောင်း မြို့ခံများထံမှ သိရသည်။

သံဖြူဇရပ်မြို့ စက်သစ်ရပ်ကွက်၊ ဖိုးချမ်းသာလမ်းတွင် “ဝီရမာန်” ရွှေဆိုင်သိမ်းပြီး ပြန်လာချိန် စက်တင်ဘာလ ၁၁ ရက်၊ ည ၇ နာရီခန့်တွင် ဆိုင်ရှင်လင်မယားနှစ်ဦး နေအိမ်ရှေ့အရောက် အမည်မသိလက်နက်ကိုင်ထားသည့် လူနှစ်ဦး သေနတ်ထောက်ပြီး ဓါးပြတိုက်သွားခြင်း ဖြစ်သည်။

“ဆိုင်သိမ်းပြီး ပြန်လာတာကို သူတို့ ကြိုစောင့်နေတာလားတော့ မသိဘူး၊ ဆိုင်ပိုင်ရှင်က အိမ်ရှေ့နားလောက်မှာ သူတို့ရောက်လာတာ အဲဒီမှာပဲ သေနတ်ထောက်ပြီး ပါသမျှ ရွှေထည်အကုန်ယူသွားတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသည့် သံဖြူဇရပ်မြို့ခံတစ်ဦးက MPA ကို ပြောသည်။

ဓါးပြတိုက်သွားသူနှစ်ဦးသည် သက်လတ်ပိုင်းပုံသဏ္ဍာန်ရှိကြပြီး ရွှေထည်များအားလုံး ယူဆောင်ကာ ဆိုင်ကယ် မောင်းနှင်ထွက်ပြေးသွားကြောင်း ၎င်းက ဆက်ပြောသည်။

ဓါးပြတိုက်ခံရမှုကြောင့် ဆိုင်ပိုင်ရှင်အမျိုးသမီးလွယ်ထားသည့် အမဲရောင်အိတ်အတွင်း ထည့်ထားသည့် ရွှေထည် ပစ္စည်းမျိုးစုံ ကာလတန်းဖို ငွေကျပ်သိန်း(၃၇၀၀)ကျော်ယူဆောင်သွားသည်။

“မောင်းပြေးပြီး ချက်ချင်းပဲ သက်ဆိုင်ရာကို ဖုန်းဆက်တယ်၊ ဟိုကလည်း ရှိသမျှလမ်း ပိတ်ဆို့စစ်တာပဲ အစတောင် ရှာမတွေ့ဘူး” ဟု ဝီရမာန်ရွှေဆိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဓါးပြတိုက်သူနှစ်ဦးသည် ဗမာစကားကို ပီသစွာပြောနိုင်သော်လည်း တိုင်းရင်းသားအသံဝဲကြောင်း ၎င်းက ဆက်ပြော သည်။

ယနေ့ ညနေပိုင်းတွင် မသင်္ကာဖွယ် သံသယရှိသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို စစ်ကော်မရှင်က ဖမ်းဆီးရမိထားပြီး စစ်ဆေး မေးမြန်းနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါဓါးပြတိုက်ဖြစ်စဉ်သည် တော်လှန်ရေးအင်အားစုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က ဝါဒဖြန့်ပြောဆိုနေကြသည်။

ယင်းနယ်မြေတွင် လှုပ်ရှားသည့်တော်လှန်ရေးတပ်ဖွဲ့များသည် ယခုကဲ့သို့ ဂုဏ်သိက္ခာမဲ့သည့်လုပ်ရပ်မျိုး လုပ်ဆောင်ခြင်း မရှိကြောင်း ပြောသည်။

“ကျတော်တို့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နေတာ၊ လူထုကို အနိုင်ကျင့်တဲ့ ဒီလိုလုပ်ရပ်မျိုး လုံးဝမလုပ်ဘူး၊ လူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် လုပ်ရပ်မျိုး လုပ်ဆောင်မှာ မဟုတ်ဘူး” ဟု မွန်ပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားမှုရှိသည့် မွန်ပြည်ကာကွယ်ရေးတပ် MSDF အတွင်းရေးမှူး နိုင်ကိုသူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက် နံနက် ၂ နာရီခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင် တက္ကသိုလ်ပတ်လမ်းဘေး နေအိမ် ဓါးပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း တစ်ထောင်ကျော် တန်းဖိုပါသွားခဲ့သည်။

စာတည်း-ကိုဆန်း

Categories: အခြား