One Championship Friday Night 121 ပြိုင်ပွဲ ဒုတိယခေါင်ပွဲတွင် မြန်မာလက်ဝှေ့ကစားသမား သွေးလင်းထက်သည် ထိုင်းဖိုက်တာ ချုပ်ပရီချာကို ဒုတိယအချီတွင် အလဲထိုး၍ အနိုင်ရရှိခဲ့သည်။
သွေးလင်းထက်၏ အမြင့်ခြေကန်ချက်များ၊ လက်သီးတွဲလုံးများသည် ထိုင်းဖိုက်တာ ချုပ်ပရီချာကို ပထမအချီတွင်ပင် အထိနာစေခဲ့သည်။ ချုပ်ပရီချာ ပထမအချီတွင် အမှတ်စဉ် နှစ်ကြိမ်ရေတွက်ခံရသည်။
ဒုတိယအချီတွင် ကစားသမားနှစ်ဦးစလုံး ဆိုင်ထိုးကြသဖြင့် ပွဲမြိုင်လာသည်။

ယင်းသို့ နှစ်ဦးစလုံး ဆိုင်ထိုးနေကြစဉ် သွေးလင်းထက်၏ နာမည်ကြီး ပတ်တထောင် ရိုက်ချက်ကြောင့် ထိုင်းဖိုက်တာ ချုပ်ပရီချာကို မျက်ခုံးကွဲခဲ့သည်။
ဒုတိယအချီတွင် သွေးလင်းထက်၏ ကန်ချက်များ၊ လက်သီးတွဲလုံးများ၊ တံတောင်ရိုက်ချက်များ၊ အမြင့်ဒူးတိုက် ချက်တို့ကြောင့် ချုပ်ပရီချာ အမှတ်စဉ် ထပ်မံ ရေတွက်ခံခဲ့သည်။ အမှတ်စဉ်ရေတွက်ခံနေစဉ် ထိုင်းဖိုက်တာသည် ထပ်မံယှဉ်ပြိုင်နိုင်စွမ်း မရှိ တော့သဖြင့် ဒိုင်လူကြီးက ပွဲရပ်နားခဲ့သည်။
ယင်းပွဲတွင်း သွေးလင်းထက်သည် ထိုင်းဖိုက်တာကို အမှတ်စဉ် သုံးကြိမ် ရေတွက်အောင် ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီ ၁မိနစ်ကျော်တွင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုးနိုင်ခဲ့သည်။
အလဲထိုးနိုင်ပွဲရရှိခဲ့သော သွေးလင်းထက်ကို ONE Championship က ဘောနပ် ဘတ်သုံးသိန်းခွဲ ချီးမြင့်ခဲ့သည်။
သွေးလင်းထက်သည် ONE Championship Friday Nightတွင် ပွဲစဉ် ၆ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်အနက် ၅ပွဲနိုင်၊ ၁ပွဲ ရှုံး ရလာဒ်ရရှိထား သည်။ ယခု ၂၀၂၅ ခုနှစ်အတွင်း Friday Night ပွဲစဉ် လေးပွဲ ယှဉ်ပြိုင်ထိုး သတ်ထားပြီး လေးပွဲစလုံး အနိုင်ရရှိထားသည်။
