ရေစကြိုတပ်တွင်းမှ လက်နက်ကြီးပစ်ခတ်နေစဉ် ပြောင်းကွဲပြီး စစ်သား ၄ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆တပ်ရင်းက ပစ်‌ခတ်နေသည့် လက်နက်ကြီးပြောင်းကွဲပြီး စစ်သားလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၆ရက်၊ ညနေ ၃နာရီခွဲခန့်တွင် ခလရ ၂၅၆မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ရာ သုံးလုံးပစ်ခတ်ပြီးနောက် ပြောင်းကွဲကာ စစ်သားလေးဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပကဖထံက သိရသည်။

” ၄လုံးလောက်ပစ်တာ။ ၃လုံးကတော့ အရှေ့တောင်ကျွန်းထဲပေါ့နော်။ ပိတောက်ပုံကျေးရွာထဲကိုကျတာ။ နောက်ဆုံး ၁လုံးက ကျနော်တို့လည်း နားထောင်နေတာဗျ။ ကွဲသံနှစ်ဆင့်ချက်ချင်းကြားလိုက်ရတယ်။ ကျနော်တို့စုံစမ်းကြည့်တော့ အဲ့လိုဖြစ်သံကြားတယ်ပေါ့နော်။ ပြောင်းကို အတွင်းထဲတင်ကွဲတာမဟုတ်ဘဲ ပစ်ရင်းနဲ့ ထိပ်ပိုင်းမှာ ဘယ်လိုထွက်ပြီးကွဲလဲမသိဘူး။ စုံစမ်းကြည့်တာတော့ အစအနတွေလည်း တပ်အပြင်ဘက်တွေကို ကျတယ်လို့ ကြားတယ်ဗျ” ဟု ရေစကြိုမြို့နယ်ပကဖသတင်းတာဝန်ခံက MPA သို့ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ပိတောက်ပုံကျေးရွာမှ ပြည်သူ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

” ပြည်သူ ၂ဦးလို့ပဲသိရတာဗျ။ ၂ဦးထဲက ၁ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်။ မီးလောင်တာ ဘာညာတော့မရှိဘူးလို့တော့ ကြားတယ်ဗျ။ အစအနမှန်တာတော့ရှိတယ်ဗျ” ဟု ၎င်းကဆက်လက်ပြောသည်။

ပိတောက်ပုံကျေးရွာသည် ဆင်ချောင်းပျူရွာခေါင်းဆောင်ငလင်း၏ ဇာတိဖြစ်ပြီး တော်လှန်ရေးတပ် ဖွဲ့များစိုးမိုးထားသည့် နေရာဖြစ်သည်။

စစ်သားလေးဦးသေဆုံးမှုကို ဒေသခံများ၏ ပြောကြားချက်အရ သိရပြီး ‌အသေးစိတ်သိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

စစ်သားများသေဆုံမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။