စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇူလိုင် ၂၇ ရက်မနက်ပိုင်း၌ စာစစ်ဌာနအသီးသီးမှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအရေအတွက်သည် လွန်ခဲ့သည့် ၂၀၂၃ ကထက် နှစ်ဆနီးပါးမြင့်တက်ခဲ့သော်လည်း အောင်ချက်မှာမူ ၁၀ ရခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်ကို စစ်ကောင်စီထုတ်ပြန်ချက်များအရ တွေ့ရသည်။
“ကျမှာပေါ့။ ဖြေတဲ့သူတွေက ဂျလုန်းပလုန်း(ညံ့ဖျင်းသူ)တွေချည်းပဲလေ” ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။
၎င်းသည် အထက်တန်းပြဆရာမတစ်ဦးဖြစ်သည့်အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများကို စစ်ဆေးပေးခဲ့ရသူတစ်ဦးဖြစ်သည်။
“ကိုယ်တိုင်သင်ရသလောက်၊ အဖြေလွှာတွေကို စစ်ခဲ့ရသလောက် ဘာမှအားရစရာမရှိဘူး။ အောင်တဲ့သူတွေကလည်း ဘာမှမဟုတ်ဘူး” ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။
ဂုဏ်ထူးမပါသော်လည်း ၎င်း၏ သားလေး စာမေးပွဲ အောင်မြင်ခဲ့သည့်အတွက် ပျော်ရွှင်နေသည်ဟု ယခု ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦး၏ မိခင်တစ်ဦးက ပြောသည်။
ဓလေ့အတိုင်း ရပ်ကွက်အတွင်း အလှူအတန်း အနည်းငယ်လုပ်မည်ဟု ရွှေပြည်သာမြို့တွင်နေထိုင်သူ အထက်ပါအမျိုးသမီးက ပြောသည်။
ယခု ၂၀၂၅ ခုနှစ်တွင် ၁၂ တန်းဟုစစ်ကောင်စီကခေါ်တွင်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား/သူ ၂၀၇,၈၉၈ ဦးဖြေဆိုခဲ့ရာတွင် ၉၉,၉၂၄ ဦးအောင်မြင်ခဲ့သည့်အတွက် အောင်ချက် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု စစ်ကောင်စီပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ တွင်မူ ကျောင်းသား/သူ ၁၂၈,၈၂၀ ဦး ဖြေဆိုခဲ့ရာတွင် အောင်မြင်သူ ၇၄,၅၉၂ ဦးရှိခဲ့ရာ အောင်ချက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းအထိ စံချိန်တင်ရရှိခဲ့သည်ဟု သိရသည်။
အောင်မြင်ရန်အလွန်ခက်ခဲ့သည့်အတွက် နတ်ကြီးသည်ဟု ပြောစမှတ်ရှိခဲ့သည့် ၁၀ တန်းစာမေးပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရလက်ထက်အတွင်း တစ်နှစ်လျှင် အောင်ချက် ၄၀ ရာခိုင်နှုန်းမကျော်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် အောင်ချက်ရာခိုင်နှုန်း ၄၀ နှင့်အထက်တွင်သာရှိခဲ့ပြီး အလွန်အမင်းမြင့်တက်လာခဲ့သည်။
“စာမေးပွဲက အောင်ရုံနဲ့ မပြီးဘူး။ တကယ်တတ်သွားမှ ထိရောက်တာပါ။ အခုတော့ အရင်စစ်အစိုးရတွေလိုပဲ အရည်အချင်းထက် အရည်အတွက်ကိုပဲ ထုတ်လုပ်နေတယ်။ ထုတ်လုပ်ဖို့ကြိုးစားနေကြတယ်” ဟု ရန်ကုန်မြို့ရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လူငယ်များအတွက် အနာဂတ်အဖွင့်လမ်းဟု ကျောင်းသား/သူများနှင့်အတူ မိဘများကလည်း ယူဆထားကြပြီး အလုပ်အကိုင်အခွင့်အလမ်းသည်လည်း ယင်းစာမေးပွဲအောင်မှသာ ရရှိလေ့ရှိသည်။
