တောင်ငူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်း

ဓာတ်ပုံ - ပေးပို့
ပုံစာ - တပခကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေစဉ်။

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ( တပခ )ထဲသို့ ရှော့တိုက်ဒုံး ၄ လုံး ပစ်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၆ရက်၊ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်တွင် တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ( တပခ )ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ရာ ၄လုံးကို အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ကြောင်း Brave Warriors For Myanmar – BWM က သတင်းထုတ်ပြန်သည်။

” တပခရုံးနဲ့တိုင်းမှူးအိမ်ကိုပစ်တာပါ။ ပစ်ပြီးပြီးချင်း မကြာခင်မှာပဲ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါ လိုက်ရှာတယ်။ ရဲဘော်အားလုံးဘေးကင်းလုံခြုံပါတယ် ” ဟု BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိနိုင်ပြီး ‌အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဩဂုတ်၂၆ရက်၊နံနက်ပိုင်း၌ပင် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကိုလည်း ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

” ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကိုပါတစ်ပြိုင်နက်တည်းပစ်တာက စစ်သားတွေဘယ်မှာနေနေ မလုံခြုံကြောင်း ပေါ်လွင်စေဖို့ပါပဲ ” ဟု ၎င်းက ဆက်လက်ပြောသည်။

တပခသည် ကရင်၊ ကရင်နီနှင့် ရှမ်းတောင်ရှိ တော်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသည့် တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း BWM က ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲနှင့် အဖွဲ့တို့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။