ပြည်တွင်း ပစ္စည်းပို့ဆောင်ခွင့်ရမည့် နေရာနှင့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်က ကန့်သတ်မှုကြောင့် ပြည်သူများ အခက်တွေ့

ဓာတ်ပုံ - Royal Express
Royal Express

မြန်မာနိုင်ငံအတွင်း တစ်မြို့မှ တစ်မြို့သို့ Delivery ပို့ရန် ဒေသနှင့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်က ကန့်သတ်လိုက်ခြင်းကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း Delivery ဝန်ဆောင်မှုလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

မြို့တစ်မြို့မှ တစ်မြို့သို့ အိမ်အရောက် ပစ္စည်းပို့ ဝန်ဆောင်မှုကို စစ်ကော်မရှင်က ကန့်သတ်လိုက်ခြင်းဖြစ်ပြီး လူတစ်ဦးလျှင်လည်း ၃ ကီလိုဂရမ်ထက် ပိုမိုပို့ဆောင်ခွင့်မပြုတော့ခြင်းလည်းဖြစ်သည်။

“တစ်မြို့က တစ်မြို့ကို ပစ္စည်းပို့တဲ့ ဒေသတွေကို ကန့်သတ်လိုက်တာ၊ ပြီးတော့ ကုန်တန်ချိန်ကိုလည်း ကန့်သတ်လိုက်တယ်။ အရင်က ပို့ချင်သလောက် ပို့လို့ရပေမဲ့ အခုကတစ်ဦးကို ၃ ကီလိုဂရမ်ထက် ပိုပြီး ပို့လို့မရတဲ့ အနေအအထားဖြစ်နေတယ်” ဟု Delivery ဝန်ဆောင်မှု လုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ကုန်ပစ္စည်းများ ပို့ရန် ကန့်သတ်ခဲ့သည့် ဒေသများသည် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်နှင့် မန္တလေးတိုင်း-ပြင်ဦးလွင်မြို့နယ်တို့ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းနှင့် ပြင်ဦးလွင်တို့တွင် ဆေးဝါး၊ အလှကုန်၊ အစားအစာ၊ ဝါယာကြိုး၊ ဘက်ထရီ၊ ဆိုလာ၊ Power Bank အခွှန်အထက်ပစ္စည်းများ၊ အနက်ရောင်အိတ်ဖြင့် ထုတ်ထားသည့် ပစ္စည်းများ၊ ဒိုက်ဘာနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများတင်ပို့ခွင့်ကိုလည်း စစ်ကော်မရှင်က ကန့်သတ်ထားသည်။

“ဒေသအခြေအနေအလိုက် မြို့အလိုက် ကန့်သတ်ချက်တွေ ကွဲနိုင်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းအတွက် အမျိုးသမီး လစဉ်သုံး ပစ္စည်းကို ပိတ်ပင်ကန့်တာက စစ်ရေးပြင်းထန်တဲ့နေရာမလို့ ကန့်သတ်တာဖြစ်နိုင်တယ်။ စစ်တပ်က ဖြတ်လေးဖြတ်လုပ်ဖို့ နောက်ထပ် နည်းလမ်းတစ်ခုလားမသိဘူး” ဟု စစ်ကိုင်းတိုင်းအတွင်း ကုန်ကားမောင်းနေသူတစ်ဦးက ပြောသည်။

လက်ရှိ ကားဂိတ်များတွင်လည်း Delivery ပို့ဆောင်ခွင့်မရှိသည့် နေရာများနှင့် ပိတ်ပင်ထားသည့် ကုန်ပစ္စည်းများ ဟုတ်မဟုတ် ကို ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများ၌ စစ်ဆေး တင်ဆောင်မှုများပြုလုပ်နေပြီး ကန့်သတ်ထားမှုများဖြစ်ပါက လက်မခံတော့ကြောင်း သိရသည်။

“ဒီလုပ်ငန်းနဲ့ အလုပ်လုပ်စားနေတာ အခုလို အကုန်လိုက်ကန့်သတ်တော့ ကျမတို့က -ာ-ံ စားရမှာလား၊ အတော်ကို စိတ်ညစ်ဖို့ကောင်းတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်ပြီး Delivery ပို့ဆောင်နေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

မြန်မာပြည်၌ အကြီးဆုံး Delivery လုပ်ငန်းများဖြစ်သည့် Wepozt Delivery ၊ Royal Express နှင့် Ninja Van တို့သည် စစ်ကော်မရှင် ကန့်သတ်ထားသည်များကို တရားဝင်မကြေညာသေးသော်လည်း ပို့ဆောင်မည့် နေရာအသေးစိတ်ကို မေးမြန်းမှုများပြုလုပ်လျက်ရှိသည်။

ယင်းအပြင် စစ်ကော်မရှင်သည် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ကန့်သတ်ထားသည့်အပြင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းတို့ကိုလည်း ပိတ်ပင်ထားမှုများ လုပ်ဆောင်ထားသည်။