ပြည်တွင်း၌ ကုန်ပစ္စည်းပြတ်ပြီး ကုန်ဈေးနှုန်း ထပ်တက်နေကြောင်း လုပ်ငန်းရှင်များနှင့် သုံးစွဲသူပြည်သူများထံမှ သိရသည်။
လက်ရှိ ဈေးကြီးများ၊ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များတွင် ပြည်ပသွင်းကုန်များအပြင် ပြည်တွင်းထုတ်ကုန်များလည်း
ပြတ်လပ်နေသည်ဟု ဆိုသည်။
“အဓိက ထိုင်းကုန်စည်တွေ ပြတ်နေတာ။ တရုတ်ကုန်တွေက နည်းနည်း ပြန်ဝင်နေတယ်” ဟု ထိုင်းနှင့် တရုတ်ထည်များ တင်သွင်းရောင်းချနေသည့်
လုပ်ငန်းရှင်တစ်ဦးက MPA ကို ပြောသည်။
အဆိုပါလုပ်ငန်းရှင်အမျိုးသမီးကပင် ထိုပစ္စည်းများအပြင် အမျိုးသမီးလစဉ်သုံးနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများလည်း ပြတ်လပ်နေကြောင်း
ဆက်လက်ပြောဆိုသည်။
“မနေ့က ကျမ ABC စတိုးသွားတာ ဘာပစ္စည်းမှကို ရှိမနေဘူး။ ပစ္စည်းတွေ တင်တဲ့ စင်တွေမှာ ဘာမှကိုရှိမနေတာ။
ပစ္စည်းတွေက ကျိုးတိုးကြဲတဲနဲ့။ အဲဒါနဲ့ ဆိုင်က ဝန်ထမ်းကောင်မလေးကို ဆိုင်က ဖြုတ်တော့မှာမလို့
ပစ္စည်းတွေ ကျန်ဖြတ်ရှင်းနေတာလားလို့ မေးတော့ ‘မဟုတ်ဘူး မကြီးတဲ့။ ပစ္စည်းတွေက ဝင်ကို မဝင်လို့ မရှိဖြစ်နေတာလို့ ပြောတယ်။ ကျမလည်း ‘ဪ’ တစ်လုံးပဲ အသံထွက်နိုင်တော့တယ်။ အခုက ကျမတို့ အထည်တင်မဟုတ်ဘူး။ ကုန်ပစ္စည်း အားလုံးလိုလိုကို ပြည်တွင်းမှာပြတ်နေတာ” ဟု အသက် ၄၀ ကျော်အရွယ်ရှိ ဈေးဝယ်စင်တာများတွင် အထည်ဆိုင်များဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးက ပြောသည်။
ထို့ပြင် နေ့စဉ်စားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ အသီးအရွက်၊ ကြက်သွန်အနီ/အဖြူနှင့် စားဆီဈေးနှုန်းများလည်း မြင့်တက်နေကြောင်း
စားသုံးသူများနှင့် ရောင်းချသူများထံမှ သိရသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့်အပတ်အတွင်း ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ နှစ်စည်းလျှင်
၅၀၀ ကျပ်ဈေးရှိနေရာမှ ယခုအခါ တစ်စည်း ၅၀၀၊ နှစ်စည်း ၁၀၀၀ ကျပ်သို့လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင်
၅၅၀ နှင့် ၅၈၀ ကျပ်ဈေးမှ တစ်လုံး ၆၀၀ သို့လည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၄၅၀၀
ကျပ်မှ ၆၀၀၀ ကျပ်သို့လည်းကောင်း အသီးသီးမြင့်တက်လာကြောင်း သိရသည်။
“မီးဖိုချောင်သုံးပစ္စည်းဈေးတွေတင် တက်တာလားဆိုတော့ မဟုတ်ဘူးနော်။ ကော်ဖီမစ်တစ်ထုပ်ကို ၇၀၀ ဖြစ်နေပြီ။ ဈေးက ရောင်းသာ ရောင်းစားနေရတာ။
မြတ်တယ်လို့ကိုမရှိဘူး။ အတက်ချည်းပဲဆိုတော့ ရောင်းပြီးရင် ရှုံးတော့တာပဲ” ဟု ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ငြီးတွားပြောဆိုသည်။
ထို့ပြင် စားအုန်းဆီဈေးမှာလည်း ပြီးခဲ့သည့်လက တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ဝန်းကျင်မှ ယခုအခါ ခွဲတမ်းများလျှော့ချပြီးနောက်
တစ်ပိဿာကို ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။
“စားဆီဈေးက တက်နေတယ်။ ဒါပေမဲ့ လိုသလောက်မရဘူး။ အရောင်းတွေက ပိတ်ထားတယ်။ ထုတ်ပေးနေတာကလည်း လူရွေးပြီး ပေးနေတာဆိုတော့
မလောက်ဘူးလေ။ အခုလူတွေ ဒုက္ခရောက်နေကြတယ်” ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ်ရှိ ဘေးတွဲယာဉ်မောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်တွင် အလုပ်အကိုင်ရှားပါးနေပြီး အလုပ်အကိုင်ရှိနေသူများမှာလည်း ရသည့်လစာနည်းပါးနေသည့်အတွက် ဆက်လက်မြင့်တက်နေသော ကုန်ဈေးနှုန်းများကြောင့် မလူးသာမလွန့်သာဖြစ်နေကြရကြောင်း မြို့ခံများက ပြောဆိုသည်။
