By Khaosod News
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ပစ်ကပ်ကားတစ်စီး တိုက်မိ၍ အသက်ရှူရပ်သွားသည့် ကြောင်တစ်ကောင်ကို ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်း နှစ်ဦးက နှလုံးအသက်ရှူကူညီခြင်း (CPR)နည်းဖြင့် အသက်ပြန်ရှင်လာအောင် ကယ်တင်ပေးခဲ့သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီး ချီးကျူးမှုများ ရရှိနေသည်။
ဖြစ်စဉ်မှာ ရူအမ်ကာတာညုဖောင်ဒေးရှင်း (Ruamkatanyu Foundation) မှ အသက် ၃၇ နှစ်အရွယ် ကယ်ဆယ်ရေးဝန်ထမ်း ကန်သာရတ် ရိုင်းထုခ် (Kantharak Raitook) နှင့် အသက် ၃၃ နှစ်အရွယ် ဝတ်ချရာပွန် ဆူပွန် (Watcharapol Suporn) တို့သည် ဆီနာခရိုင်၊ ဘန်နွမ်ခို လမ်းဘေးတွင် ရှိနေစဉ် ပစ်ကပ်ကားတစ်စီးက ကြောင်ကို တိုက်မိသွားသည်ကို မျက်မြင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့က ကြောင်သေဆုံးသွားပြီဟု ထင်မှတ်၍ ထပ်မံကြိတ်မိခြင်းမရှိစေရန် လမ်းပေါ်မှ ဖယ်ရှားဖို့ သွားရောက်ကိုင်တွယ်ရာတွင် ခန္ဓာကိုယ်မှာ နွေးနေသေးပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ၎င်းတို့ သင်ယူထားဖူးသည့် အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဆင်းစွမ်းရည်များကို အသုံးချကာ ကြောင်ကို ချက်ချင်း ရှေးဦးသူနာပြုစုခြင်းနှင့် CPR ပြုလုပ်ပေးခဲ့ကြသည်။
ကယ်ဆယ်ရေးသမားနှစ်ဦးသည် မိနစ် ၃၀ ခန့် အလှည့်ကျ နှလုံးဖိပေးခြင်း (CPR) ပြုလုပ်ပေးခဲ့ပြီးနောက် ကြောင်မှာ အံ့ဩဖွယ် အသက်ပြန်ရှူလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြောင်ကို နီးစပ်သူတစ်ဦးက တိရစ္ဆာန်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ် ပွန်ကာမွန် ဖီယန်ဖွန် (Pornkamol Phianphong) ဆိုသူက မွေးစားခဲ့သည်။
တိရစ္ဆာန်ဆေးကုဆရာဝန်က ကနဦးတွင် ကြောင်မှာ လမ်းမလျှောက်နိုင်ဘဲ သွေးများထွက်နေဆဲဖြစ်၍ ပထမဆုံးညကို ကျော်ဖြတ်နိုင်ပါက အသက်ရှင်ရန် အခွင့်အလမ်းများကြောင်း ပြောကြားခဲ့သည်။
နောက်တစ်နေ့နံနက်တွင် ကြောင်မှာ သတိပြန်လည်လာပြီး သေချာစွာ ဆေးကုသမှု ခံယူအပြီးတွင် တဖြည်းဖြည်း အခြေအနေကောင်းမွန်လာကာ လမ်းပြန်လျှောက်နိုင်သည့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
မွေးစားသူ ပွန်ကာမွန်က အသက် ၂ နှစ်အရွယ်ရှိ အဆိုပါ ကြောင်ထီးလေးကို ဘေးဆိုးမှ ကံကောင်းစွာ အသက်ဘေးလွတ်မြောက်ခဲ့ခြင်းကို အစွဲပြု၍ ဘွန်ရော့ဒ် (Boon Rod) (မြန်မာလို – ကံထူး၍ အသက်ရှင်ကျန်ရစ်သူ) ဟု အမည်ပေးခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေးဝန်ထမ်းနှစ်ဦးက တိရစ္ဆာန်လေးတစ်ကောင်၏ အသက်ကို မိမိတို့တတ်မြောက်ထားသည့် ပညာဖြင့် စေတနာရှေ့ထား ကယ်တင်ခဲ့သည့်အပေါ် အွန်လိုင်းအသုံးပြုသူများအကြား ကျယ်ကျယ်လောင်လောင် ချီးကျူးထောက်ခံလျက် ရှိကြသည်။
