စစ်ရေးနည်းဖြင့် အဖြေရှာမရတော့သည့် မြန်မာပဋိပက္ခ စားပွဲဝိုင်းပေါ်ရောက်ရေး ထိုင်းနိုင်ငံ ကြားဝင်ကမ်းလှမ်း

By The Nation

မြန်မာ့နိုင်ငံရေးပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် အနိုင်တိုက်၍ မရနိုင်တော့ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက လက်ခံလာကြပြီးနောက် ရပ်တန့်နေသည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံက ကမ်းလှမ်းလိုက်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်သည် မြန်မာစစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖွမ်ကီယို (Sihasak Phuangketkeow) က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယခုဖြစ်ပေါ်တိုးတက်မှုသည် လတ်တလော အကျပ်အတည်းဖြစ်နေသည့် အာဆီယံ၏ မြန်မာ့ငြိမ်း ချမ်းရေး ကြိုးပမ်းမှုများကို ပြန်လည်အသက်သွင်းနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပြည်တွင်းစစ်မီး ပြင်းထန်စွာ တောက်လောင်ခဲ့ရာ လက်ရှိအချိန် အထိ လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ပြီး ပြည်သူသန်းနှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲ ဖြစ်သည်။