ခေါင်ခိုက်နေသော စားအုန်းဆီဈေးနှင့် လိုသလောက်ဝယ်ယူ၍ မရသောကြောင့် ရန်ကုန်မြို့ရှိ လမ်းဘေးအကြော်ဆိုင်များစွာ နေ့စဉ် မဖွင့်နိုင်တော့ကြောင်း သိရသည်။
စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ဝန်းကျင်ရှိနေပြီး လိုသလောက် လည်း ဝယ်မရသဖြင့် တစ်နေ့လုပ်တစ်နေ့စား အကြော်ဆိုင်များမှာ ရောင်းချရန် မကိုက်ခြင်းနှင့် ဆီ ဝယ်မရခြင်းဒဏ်ကို အပြင်းအထန်ခံစားနေရကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။
“ကျနော်တို့ လှိုင်မှာ အကြော်တစ်ခု ၅၀၀။လကုန်ရင် ဈေးတက်တော့မယ်လို့ ဖွင့်တဲ့ဆိုင်တွေက ပြော တယ်။ မကိုက်လို့ ပိတ်တဲ့ဆိုင်တွေက ပိတ်တယ်”ဟု လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အမျိုးသားကြီးတစ် ဦးက MPAသို့ပြောသည်။
ရွှေပြည်သာမြို့နယ်တွင်မူ အကြော်တစ်ခု ကျပ်၇၀၀ ဖြင့် ၃ခု ၂၀၀၀ ရောင်းသည့်ဆိုင်များ ရှိလာပြီဟု ဒေသခံတစ်ဦးက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးသော ဆီစာအုပ်ဖြင့် ရည်ညွှန်းဈေးအတိုင်း စားအုန်းဆီ တန်းစီ ဝယ်ယူ၍ ရသော်လည်း ၁၅ရက်လျှင် ၅၀သားသာပေးကြောင်း သာကေတမြို့နယ်နေ အိမ်ရှင်မတစ် ဦးက ပြောသည်။
“၁၅ရက် ၅၀သားဆိုတာ ဘယ်မိသားစုမှ မလောက်တော့ အပြင်ပေါက်ဈေးနဲ့ ဈေးကြီးပေးဝယ်ရတာ ပဲ။ ကျန်းမာရေးအရ ညီညွတ်မှု လုံးဝမရှိတဲ့ စားအုန်းဆီကိုတောင် လိုသလောက်ဝယ်မရတဲ့ဘဝတွေ ပါ။ လက်လုပ်လက်စားတွေ အရမ်းထိခိုက်တယ်။ကျမ ဝယ်စားနေတဲ့ အကြော်ဆိုင်ဆို တစ်ခု ၅၀၀၊ အခု ဆိုင်မထွက်နိုင်ဘူး”ဟု ၎င်းက ပြောသည်။
၁၀၀၀ဖိုး ဆမူဆာအသေး ၄ခု ရခဲ့ရာမှ ယခု ၁၀၀၀ဖိုး ၃ခု ဖြစ်သွားသလို ကြက်ဥတစ်လုံးလည်း စံချိန် တင် ကျပ်၇၀၀ ဖြစ်သွားကြောင်း သိရသည်။
“ဆီနဲ့ကြော်တာ မှန်သမျှ အကုန်ဈေးတက်ပါတယ်။ ဆီနဲ့ မကြော်တာတွေလည်း ဈေးတက်ပါတယ်။ အာဏာမသိမ်းခင်က ကျနော်ပုံမှန်စားတဲ့ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၀၀၀ ၊ အခု ၁၂၀၀၀ ပါ”ဟု တောင်ဥက္ကလာပ၊ခုနှစ်ဆူဘုရားအနီးနေ အမျိုးသားတစ်ဦးက ပြောသည်။
စားအုန်းဆီဈေးတက်မှုကြောင့် ရန်ကုန်မြို့ရှိ လက်လုပ်လက်စား အကြော်ဆိုင်များမှာ ဆိုင်ဆက်ဖွင့် ရန်ပင် ရုန်းကန်နေရကြောင်း ၎င်းကဆိုသည်။
