ကားဈေး မကျဘဲ အရောင်းအေး၍ အမြင့်ဈေးဖြင့် ဝယ်လှောင်ထားမိသူများ ပိုက်မိနေ

ရန်ကုန်ကားဈေးကွက်အတွင်း မိုးတွင်းကာလသို့ ရောက်ရှိလာ၍ မော်တော်ယာဉ်အရောင်းအဝယ်များ အေးစက်နေကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။

သို့သော် ကားဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ အမျိုးအစားအလိုက် ဆက်လက်မြင့်တက်နေကြောင်း ၎င်းတို့က ဆိုသည်။

“အရောင်းအဝယ်ကတော့ အေးတယ်။ ဒါပေမဲ့ ကားဈေးက လုံးဝမကျဘူး။ ဈေးကြောင့်ပဲ ဘယ်သူမှလည်း မဝယ်နိုင်ဘူးဖြစ်နေကြတယ်။ တကယ်လိုအပ်လို့ ဝယ်တဲ့သူကလည်း ကုန်သလောက်ဖြစ်နေပြီလေ” ဟု ရန်ကုန်မြို့ရှိ ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် မေလအတွင်း စက်သုံးဆီများ ပြတ်လပ်ပြီး ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် လျှပ်စစ်သုံးမော်တော်ယာဉ် EV ကားများ ဝယ်လှောင်ခဲ့သူအချို့လည်း အမြင့်ဈေးဖြင့် ပိုက်ဘောမိနေကြကြောင်း ကားဝယ်ရောင်းများက ဆိုသည်။

“မေလထဲက ဝယ်လှောင်ကြတဲ့သူတွေရှိတယ်။ ဇွန်လတုန်းကထိ အိုကေနေကြသေးတယ်။ အခု ဂျူလိုင်လထဲမှာ အတော်လေး ထိနေကြတယ်။ ICE တွေလှောင်တာက ကိစ္စမရှိဘူး။ အရမ်းလည်းမရှုံးနိုင်ဘူး။ ဒီမှာက ကြိုက်တဲ့သူကလည်း များတယ်လေ။ EV ကျတော့ တကယ့်ပိုက်ဆံပေါတဲ့သူတွေပဲ ကြိုက်ကြတာ။ နည်းနည်းကြာတာနဲ့ ဘယ်သူမှ ဝယ်မစီးတော့ဘူး။ Brand New တွေကိုပဲ စီးကြတာများတယ်” ဟု ရန်ကုန်မြို့ရှိ ကားအရောင်းစင်တာပိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လကတည်းက စစ်အုပ်စုက ပြဋ္ဌာန်းထားသည့် စက်သုံးဆီချွေတာရေး ‘စုံ/မ စနစ်’ ကြောင့် EV ကားများ သိန်းပေါင်း ရာထောင်နှင့်ချီပြီး ဈေးတက်လာခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်ကြောင့်ပင် ဈေးမကျဘဲ တင်းခံနေကြခြင်းဖြစ်သည်ဟု ကားဝယ်ရောင်းများက ဆိုသည်။

ထိုစနစ်ကို ယာဉ်ပိုင်ရှင်များနှင့် ကားဝယ်ရောင်းများက ပယ်ဖျက်ပေးရန် တောင်းဆိုနေသကဲ့သို့ အတုအယောင် လွှတ်တော်များတွင် အဆိုတင်သွင်းပြီး ဆွေးနွေးခဲ့သော်လည်း တရားမဝင်အစိုးရဘက်က ရုပ်သိမ်းပေးခဲ့ခြင်းမရှိပေ။

လက်ရှိကားဈေးကွက်အတွင်း လူသုံးများသည့် မီနီထရပ်ယာဉ်တစ်စီးလျှင် အမျိုးအစားအလိုက် ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိဈေးရှိနေပြီး EV ကား တစ်စီးလျှင် ၂၀၂၃ မော်ဒယ်မှ ၂၀၂၅ မော်ဒယ်အထိ အမျိုးအစားအလိုက် ကျပ်သိန်း ၁၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးရှိကြောင်း ရန်ကုန်ကားဈေးကွက်အတွင်းမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်