မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အတွင်း ရဲကွန်မန်ဒိုစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာ၌ စစ် သား လုံခြုံရေးအပြည့်ယူကာ သက်ပျောက်ဆွမ်းသွပ်သွားကြောင်း သိရသည်။
ဇူလိုင်၁၅ရက်တွင် မကွေးတိုင်း၊ချောက်မြို့မှတစ်ဆင့် ဆိပ်ဖြူ-ဆောလမ်းအတိုင်း စစ်ကား၂စီးဖြင့် ဝင် ရောက်လာသော ရဲအင်အား၅၀ကျော်ကို ဒေသခံတော်လှန်ရေးတပ်တို့က မိုင်းဆွဲပစ်ခတ်ခဲ့ရာ ရဲ၅ဦး သေဆုံးပြီး ၇ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ရာ ယင်းမိုင်းဆွဲခံရသောနေရာ၌ စစ်အုပ်စုက သက်ပျောက် ဆွမ်းသွပ်တရားနာ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ဆိပ်ဖြူမီဒီယာက သတင်းထုတ်ပြန်သည်။
“၁၆ရက်နေ့ မနက်မှာ သူတို့ ဒီ သေဆုံးသွားတဲ့ ရဲကွန်မန်ဒိုတွေအတွက် သူတို့ အဲနေရာလေးမှာ လာပြီးတော့ သက်ပျောက်ဆွမ်းတရားနာ လုပ်သွားတာမျိုး ရှိတယ်ဗျ”ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPAသို့ပြောသည်။
သက်ပျောက်ဆွမ်းသွပ် တရားနာနေစဉ် ထပ်မံတိုက်ခိုက်ခံရမည်စိုးသဖြင့် သေနတ် ရမ်းသန်း ပစ် ဖောက်ခဲ့သေးကြောင်း ဆိပ်ဖြူမီဒီယာက ဆိုသည်။
ပြင်းထန်ဒဏ်ရာရ ရဲ ၇ဦးကို ဆိပ်ဖြူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့၏ နောက်ဆက် တွဲအခြေအနေကိုမူ မသိရသေးပေ။
ယင်း ရဲကွန်မန်ဒိုစစ်ကြောင်းသည် ဇူလိုင်လ ၁၀ ရက်က ရေနံချောင်းနှင့် ချောက်မြို့နယ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မကွေခရိုင်တပ်ရင်းများမှ PDF ရဲဘော် ၂၀ ကို သတ်ဖြတ်ခဲ့ခြင်းဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်မှုကို လက်စားချေ သွေးကြွေးဆပ်ခြင်းဟု ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဓာတ်ပုံ-ဆိပ်ဖြူမီဒီယာ
ပုံစာ-သက်ပျောက်ဆွမ်းသွပ်စဉ် လုံခြုံရေးယူထားသော ဂျန်မာကား။
