မွန်ပြည်နယ်၊သထုံမြို့ပေါ်တွင် တီဗီဝယ်ပြီး ပြန်လာသည့် လူငယ်အမျိုးသား ၂ ဦးကို ပြည်သူ့စစ်က ဖမ်းဆီးကာ စစ်မှုထမ်းထဲသို့ ပို့လိုက်ကြောင်း သိရသည်။
ဇွန်လ၁၀ရက်၊မွန်းလွဲ ၃နာရီခန့်က သထုံမြို့၊နန်းခဲရပ်ကွက်အတွင်း တီဗီဝယ်ပြီး ဆိုင်ကယ်၂ယောက် စီးကာ ပြန်လာသည့် လူငယ်၂ဦးကို ပြည်သူ့စစ်က ဖမ်းဆီးကာ ဆိုင်ကယ်ကိုလည်း သိမ်းလိုက် ကြောင်း သထုံမြို့သတင်းရင်းမြစ်ထံက သိရသည်။
“သထုံမြို့ပေါ်မှာ ဆိုင်ကယ်ကို ယောကျာ်းလေး၂ယောက်မစီးရဘူးလို့ အမိန့်ထုတ်ထားတာ ကြာပြီ။ လူငယ်လေးတွေကလည်း တီဗီသယ်ပြီး ပြန်လာတာဆိုတော့ ရပါတယ်ဆိုပြီး စီးလာတာကို စည်း ကမ်းချိုးဖောက်တယ်ဆိုပြီး ပြစ်ချက်ရှာပြီး ဖမ်းလိုက်တာ။လူကိုဖမ်းပြီး ဆိုင်ကယ်သိမ်းတယ်။ လူငယ်တွေက အသက်၂၅ဝန်းကျင်တွေ”ဟု ၎င်း က MPAသို့ပြောသည်။
သထုံမြို့ပေါ်ရှိ ပြည်သူ့စစ်များသည် စစ်တပ်အားကိုးဖြင့် ပြည်သူကို ဗိုလ်ကျကာ စစ်မှုထမ်းအတွက် လူငယ်များ ဖမ်းဆီးခြင်းဖြင့် စီးပွားရှာနေကြောင်း သိရသည်။
“အခု နောက်အပတ်စဉ်(စစ်မှုထမ်းသင်တန်း)အတွက် လူလိုနေလို့ မြို့ပေါ်မှာ တောက်လျှောက် ဖမ်းနေတယ်။လူငယ်တွေ နေ့ခင်းလည်း သတိထားပါ။ညလည်း လုံးဝမထွက်ပါနဲ့”ဟု သထုံမြို့၊ ဘင် လှိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၆ကို လာမည့်ဇွန်လ ၂၀ရက်ဝန်းကျင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သထုံ မြို့နယ်၊ဇရစ်ချောင်ကျေးရွာရှိ အမှတ်၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(လေ့ကျင့်ရေး၉)၌ စစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ၂၉ရက်က လေ့ကျင့်ရေး၉တွင် စစ်မှုထမ်းအပတ်စဉ်၂၃ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး မေလ၃၀ရက်၌ စစ်မှုထမ်းသင်တန်းဆင်းများကို ကော့ကရိတ်နှင့် ရေးမြို့နယ်ရှိ ရှေ့တန်းသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း MPA၏ သထုံစစ်ရေးသတင်းရင်းမြစ်က ပြောကြားခဲ့ဖူးသည်။
