စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလးတိုင်းရှိ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ တွင် PDF များ ထိခိုက်သေဆုံးဟုဆိုသည့် အကြောင်းအရာ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ လျက်ရှိသည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ရှိ PDF ရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ PDF လေးဦး သေဆုံးပြီး ၂၀ ကျော် ကိုယ်လက်ပြတ်တောက် ဒဏ်ရာရခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုသူ ၃၈,၀၀ ကျော်၊ Reaction ပေးသူ ၅၀ ကျော်ရှိခဲ့ပြီး “နေပြည်တော်၊ Snow Queen” အပြင် အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/9KF0V
နေပြည်တော် – https://archive.ph/FDYur
Snow Queen – https://archive.ph/z7WmC
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “မောင်း” မီဒီယာတွင် ဖော်ပြထားသော ဓာတ်ပုံများနှင့် တူညီနေသည်။
“မောင်း” တွင် စက်တင်ဘာ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျောက်ဖြာရွာကို စစ်ကော် မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူလေးဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် စဉ့်ကူးမြို့နယ်ရှိ နဂါးမောက်တောင် ပေါ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/ZhQev
ထပ်မံ၍ စစ်ဆေးရန် Google တွင် “သပိတ်ကျင်းနှင့်စဉ့်ကူးတွင် လေကြောင်းတိုက်ခိုက်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now” နှင့် “People’s Spring” တွင် ဖော်ပြထားသည်။
“Myanmar Now” တွင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို စက်တင်ဘာ ၂၁ ရက်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားလေးဦး သေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကြဲခံရသည့် ရွာများသည် တိုက်ပွဲများနှင့် ဝေးသော ရွာများဖြစ်ကြောင်း ဒေသခံ အသံများနှင့်တကွ ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန်>>> https://bitly.cx/N4CM
“People’s Spring” တွင် စက်တင်ဘာ ၂၁ ရက်က မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာနှင့် စဉ့်ကူးမြို့ရှိ နဂါးမောက်တောင်ပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ လေးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် တိုက်ပွဲများ ပြင်းထန်နေသည့် တနင်္ဿာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများ ကြဲချခဲ့သေးကြောင်း၊ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်ုမှုများကြောင့် ပြည်သူများ နေ့စဉ်နှင့်အမျှ သေဆုံးထိခိုက်နေရကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန်>>> https://bitly.cx/VZUKl
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ကလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၁ ရက် နေ့လည် ၁ နာရီတွင် စဉ့်ကူးမြို့နယ်၊ နဂါးမောက်တောင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ နေ့လည် ၂ နာရီ ဝန်းကျင်တွင် သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာကို ထပ်မံတိုက်ခိုက်ရာ ပြည်သူ လေးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန်>>> https://bitly.cx/0wCGG
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
