မကွေးတိုင်း၊ပခုက္ကူအခြေစိုက် ခလရ ၂၃၅တပ်ရင်းအတွင်း လက်မလည်အောင် ဆွမ်းသွပ်နေရသည် အထိ စစ်သားများ အသေအပျောက်များနေကြောင်း သိရသည်။
ယင်းသို့ အသေအပျောက်များနေခြင်းကို ဇွန်၁၄ရက်က လက်နက်မဲ့အလင်းဝင်လာသည့် စစ်သား၂ဦး ၏ ပြောကြားချက်အရ သိရကြောင်း ပခုက္ကူခရိုင်အခြေစိုက် COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“တပ်တွင်းထဲမှာ အမြဲတမ်း အကျအဆုံးများတယ်လို့ ပြောတယ်။ တစ်ယောက်ကမှ ဆွမ်းမသွပ်ရ သေးဘူး။နောက်ထပ်တစ်ယောက်က ရောက်လာရော။ အဲလိုမျိုးတွေ များနေတယ်လို့ ပြောတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းတပ်သားများကို ရခိုင်စစ်မြေပြင်သို့ ပို့မည်ဟု သိရကြောင်း လည်း ဆိုသည်။
ဇွန်၁၄ရက်တွင် ပခုက္ကူမြို့ တပ်မ၁၀၁ လက်အောက်ခံ ခလရ၂၃၅တပ်ရင်းမှ သန္ဓေစစ်သားတစ်ဦးနှင့် စစ်မှုထမ်းတပ်သားတစ်ဦးတို့ COBRA ONE တပ်ဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်လာခဲ့ကြောင်း COBRA ONE ကထုတ်ပြန်ထားသည်။
အလင်းဝင်စစ်သား၂ဦးစလုံးက ဇာတိရပ်ရွာသို့ ပြန်ရန်မလွယ်ပါက စစ်တပ်ကို ပြန်တိုက်ချင်သည်ဟု ပြောကြကြောင်း COBRA ONE တာဝန်ရှိသူက ဆိုသည်။
“ပစ(စစ်မှုထမ်းတပ်သား)က အိမ်ထဲထိ ပေါ်တာဝင်ဆွဲခံခဲ့ရတာ။ တဝမ်းပူ (သန္ဓေစစ်သား)က အလုပ် အပြန်မှာ အဆွဲခံရတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းတို့၂ဦးစလုံးသည် ခလရ ၂၃၅တပ်ရင်းထဲမှ အတူထွက်လာကာ အလင်းဝင်ကြခြင်းဖြစ်သည်။
တပ်မ၁၀၁သည် ပခုက္ကူမြို့၏ အနောက်ဘက်တွင် တည်ရှိပြီး ခလရ ၂၃၅တပ်ရင်း မှာ တပ်မ၁၀၁ ၏ တောင်ဘက်၌ တည်ရှိသည်။
