ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်အတွက် အားလုံးစုပေါင်း၍ လိုအပ်သည့် နည်းလမ်းအားလုံး ထိရောက်စွာ အသုံးပြုပြီး စစ်အုပ်စုအား ဖိအားပေးတောင်းဆိုရန် AAPP က ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအစိုးရ များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တာဝန်ပေးအပ်ထားသူများ၊ ပြည်တွင်းအင်အားစုများ အပါအ ဝင် အဓိကသက်ဆိုင်သူအားလုံးကို နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း AAPPက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ထို့အပြင် Proof of Life campaign ကို ထောက်ခံအားပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစု ဝင်များကို ချက်ချင်းတွေ့ဆုံခွင့်ပြုရန် အပါအဝင် လွတ်လပ်သော စောင့်ကြည့်လေ့လာသူများအား ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ စစ်ဆေးအကဲ ဖြတ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စား လှယ်များကို ချန်လှပ်ထားသည့် မည်သည့်နိုင်ငံရေးလုပ်ငန်းစဥ်ကိုမဆို အဓိကသက်ဆိုင်သူအားလုံး အနေဖြင့် တရားဝင်မှုနှင့် အသိအမှတ်ပြုမှု မလုပ်ဆောင်ရန်လည်း တောင်းဆိုသည်။
“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ယခုအချိန် မှာ စည်းလုံးဖို့ လိုအပ်ပါပြီ”ဟု AAPPက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်အကျဉ်းချထားခြင်း သည် စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီနည်းအရ ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီး ရန်၊ မဲဆန္ဒရှင်များ၏ လွတ်လပ်သော ဆန္ဒသဘောထားကို အသိအမှတ်မပြုရန်နှင့် နိုင်ငံသားများ အနေဖြင့် မိမိနှစ်သက်သည့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ဖြစ်သော အခြေခံအခွင့်အရေးကို ငြင်းပယ်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိသာထင်ရှားသည့် သက်သေအထောက်အထားဖြစ်သည်ဟုလည်း ဆိုသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး: ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အတွက် သဘောထားထုတ်ပြန်ချက်ကို AAPPက ယနေ့(ဇွန်၁၈ရက်)ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
