ခင်ဦးတွင် ဒုဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ကြောင်းတစ်ကြောင်းလုံး ပျက်အောင် PDF တိုက်ခိုက်၊ စစ်သားများစွာသေဆုံး၊ စစ်တပ် လက်နက်ကြီးပစ်ကူ စစ်ကြောင်းပေါ်သို့ ကျဟုဆို

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်
ပုံစာ - အောင်ပွဲခံ ကာကွယ်ရေးရဲဘော်များကို စစ်သုံ့ပန်းနှစ်ဦး၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒုဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ကြောင်းတစ်ကြောင်းလုံး ပျက်အောင် PDF များတိုက်ခိုက်နိုင်ခဲ့ပြီး စစ်သားအများအပြားသေဆုံးကြောင်း သိရသည်။

ယနေ့ ( စက်တင်ဘာ ၂၂ရက် ) နံနက် ၇နာရီခန့်က ခင်ဦးမြို့နယ် စစ်ကောင်စီ တပ်စခန်း မှ ရွှေဘိုလေ့ကျင့်ရေး ၈ နှင့် ဖုတ်ကုန်းပျူရွာသို့ ဒုဗိုလ်မှူးကြီး ဦးဆောင်လာသည့် အင်အား ၉၀ခန့်ပါ စစ်ကြောင်းကို ခင်ဦး – ရွှေဘို မြို့နယ်အစပ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး နှင့် သုံးပွင့်ဗိုလ်အပါအဝင် စစ်သား အများအပြား သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

” တိုက်ပွဲက သံဘိုရွာ နဲ့ ရေအေးကုန်းရွာကြားမှာပါ။ဖြစ်စဉ်က ကျနော်တို့က စစ်ကြောင်းရဲ့ထိပ်ကိုပိတ်ပြီးအလယ်ကနေ တက်ပြီးဝင်လုံးလိုက်တာ။ စစ်ကြောင်းရဲ့ ခေါင်းပိုင်းက အလယ်ကိုရော နောက်ကိုရော ကာမပေး‌နိုင်ဘူး။ အပြန်အလှန်အတော်ကြာပစ်ကြတာပေါ့။ သူတို့ကိုလက်နက်ချ ခိုင်းတယ်။ မချဘူးခံပစ်တယ်။ နောက်ဆုံး အထိနာသွားတော့ ခေါင်းပိုင်းက သူတို့ပျူရွာ ဖုတ်ကုန်းကို အလုံးအရင်းဝင်ပြေးကြတာပဲ။ ပြန်ပြေးတာက တပ်စိတ်တစ်စိတ်စာလောက်ပါပဲ ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်မှ ရဲဘော်တစ်ဦးက က MPA ကို ပြောသည်။

ငါးနာရီကြာဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် ရွှေဘိုမြို့နယ်ရှိ စစ်တပ်အထိုင်ချစခန်းများမှ လက်နက်ကြီးပစ်ကူများ ပေးခဲ့ပြီး ယင်းလက်နက်ကြီးများအနက် ၆လုံးသည် စစ်ကြောင်းဆီသို့ ကျရောက်ခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

” အလောင်းတွေကတော့ပုံနေတာပဲ။ ရှင်းလင်းရေးမလုပ်နိုင်သေးလို့ ဒီအတိုင်းပဲထားခဲ့တာပါ။ နောက်နေ့ ရှင်းလင်းရေးဝင်ရင်တော့ အတိအကျသိရမှာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ပွဲအတွင်း စစ်သား၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

” တစ်‌ယောက်ကတော့ ဒဏ်ရာရလို့ လက်နက်ချတာ။ နောက် တစ်ယောက်ကတော့ လက်နက်ချ ဆိုကတည်းက ချပေးတယ် ” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ဖုတ်ကုန်းပျူရွာသည် တစ်မိုင်ခွဲဝန်းကျင်သာကွာဝေးကြောင်းသိရသည်။

အဆိုပါတိုက်ပွဲ၌ MA-3 ၄လက်၊ MA-1 ၅လက်၊ BA-63/ G3 တစ်လက်၊ ကာဘိုင် တစ်လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) တစ်လက်၊ MA-5/ ပစ္စတို တစ်လက်၊ ရှေ့ထွက်မိုင်း ၄လုံး၊ နင်းမိုင်း ၂လုံး၊ 60MM ဗုံးသီး ၄လုံး၊ RPG ဗုံးသီး တစ်လုံး၊ အီနာဂါ ၂လုံး၊ ကျည်ဘောက်များ၊ ကျည်ကာ ဦးထုပ်များ ၊ကျည်ဆန်များနှင့် ငွေကျပ် ၅,၂၉၀,၀၀၀ ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲကို အမှတ်၂ ရွှေဘိုခရိုင်၊ အမှတ် ၃တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် ၁၊၂၊ ၃၊ ၄၊ ၅ ပကဖများနှင့် ခင်ဦးမြို့နယ် ပလဖ တို့ က ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်သားသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။