ကျောက်ထု အမြောက်တပ်ထဲသို့ ဒဏ်ရာရစစ်သားများကို ပို့ထားဟုဆို

ဓာတ်ပုံ-ယောအလင်းတန်း ပုံစာ- ရှေ့တန်းရောက် စစ်သားများ။

By MPA

ကျောက်ထုမြို့ အမြောက်တပ်ထဲတွင် အရေးကြီးလူနာ၃ဦးအပါအဝင် ဒဏ်ရာရစစ်သားအများအ ပြားရောက်ရှိနေကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်းက ယနေ့(ဇူလိုင်၂၂ရက်)သတင်း ထုတ်ပြန်သည်။

ယင်းဒဏ်ရာရစစ်သားများကို ဆေးကုသမှုပေးရန်အတွက် ဇူလိုင်၂၃ရက် သို့မဟုတ် လာမည့်ရက်များ အတွင်း လာသယ်နိုင်သောကြောင့် မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုမြို့ လေယာဉ်ကွင်းသို့ ထောက်ပို့လေယာဉ် ဆင်းသက်လာနိုင်ကြောင်းနှင့် လေယာဉ်ဆင်းသက်စဉ် လေယာဥ်ကွင်းနှင့် အနီးနားဝန်းကျင်နေရာများကို လုံခြုံရေးအရ. ဂျက်ဖိုက်တာလေယာဥ်များဖြင့် ကာဗာပေးပစ်ခတ် ဗုံးကြဲနိုင်သောကြောင့် ဒေသခံများ ကြိုတင်သတိထားကြရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်ဟု ယောအလင်းတန်း ကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ်၊ ကြီးကျေးရွာမှ ကားတစ်စီးဖြင့် တင်ဆောင်လာသော ဒဏ်ရာရ စစ်သားများ ကျောက်ထုမြို့သို့ မွန်းလွဲပိုင်း၌ ရောက်ရှိခဲ့ကြောင်း သိရသည်။

“နေ့လည် တစ်နာရီကျော်၊ ၂ နာရီလောက်က ပန်းဆန်ကတစ်ဆင့် အထမ်းတွေနဲ့ဝင်လာကြတယ်။ နွားလှည်းတွေလည်း ပါတယ် “ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းသို့ ပြောသည်။

ကြီးရွာမှ လိုက်ထရပ်ကားတစ်စီးဖြင့်တင်ဆောင်လာသည့် ဒဏ်ရာရစစ်သားများကို ပန်းဆန်ရွာမြောက်ဘက်တွင် ချထားပေးခဲ့ပြီး ထိုနေရာမှ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်သို့ ထမ်းစင် ၃ ထမ်းနှင့် ကျန်လူနာများကို ချောဆွဲခေါ်လာခဲ့သည့် နွားလှည်းများပေါ် တင်ဆောင်လာ ခဲ့ကြကြောင်း သိရသည်။

ကြီးရွာတွင် ရှိနေသေးသည့် စစ်ကြောင်းကို ထပ်မံအင်အားဖြည့်တင်းရန်အတွက် ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါစစ်ကြောင်းသည် လူနာပို့သည့်ကားတစ်စီးနှင့်အတူ ကြီးရွာဘက်ကို ဦးတည်သွားနေကြောင်း သိရသည်။