တောင်ကြီး အထိမ်းအမှတ် နာရီစင်ကို ညဘက်တွင် စစ်အုပ်စု ခိုးဖျက်၊ မြို့ခံများ ပြင်းပြင်းထန်ထန် ဝေဖန်

ဓာတ်ပုံ - ဒေသခံ/လူမှုကွန်ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၏ မြို့တော် တောင်ကြီးမြို့ရှိ သမိုင်းဝင် အထင်ကရ အဆောက်အအုံတစ်ခုဖြစ်သည့် နာရီစင်ကို စစ်အုပ်စုက ဇူလိုင် ၂၁ ရက် ညသန်းခေါင်အချိန်တွင် ဖျက်ဆီး ဖယ်ရှားလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေး နေရာ၌ သီဟကုမ္ပဏီက ၇ ထပ်မြင့် ကားပါကင် အဆောက်အအုံ ဆောက်လုပ်မည်ဆိုကာ ယင်းနေရာရှိ ဈေးသည်များကို မြို့မဈေးမြောက်ဘက် ကုန်သည်လမ်းသို့ ပြောင်းရွှေ့စေခဲ့ပြီးနောက် အဆိုပါ နာရီစင်ကြီးကို ညအချိန်မတော် ရုတ်တရက် ဖြိုချခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု လက်ပါးစေများက နာရီစင်မြင့်မားသဖြင့် လူထု ထိခိုက်မည်စိုး၍ ညဘက်တွင် ဖျက်ရခြင်းဖြစ်ကြောင်း ဆင်ခြေပေးပြောဆိုသော်လည်း အနီးနားနေ ဒေသခံတစ်ဦးက အဆိုပါ ပြောဆိုချက်ကို ယခုကဲ့သို့ အတည်ပြုသည်။

“နာရီစင်က မြင့်တော့ လူတွေ ထိခိုက်မှာစိုးလို့ဘာညာဆိုပြီး ညဘက်ခိုးဖျက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ နာရီစင်သည် ၁၉၉၀ ပြည့်လွန်နှစ်များက တောင်ကြီးမြို့မဈေး၊ ကြိုးတံတား၊ ၂ ထပ်လမ်းတို့နှင့်အတူ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင် အဆောက်အအုံဖြစ်ပြီး မြို့၏ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝကို ရောင်ပြန်ဟပ်နေသည့် ပြည်သူ့အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။

ယခုကဲ့သို့ မြို့၏ အထိမ်းအမှတ် အဆောက်အအုံကို ခိုးကြောင်ခိုးဝှက် ဖျက်ဆီးလိုက်သည့် ဖြစ်စဉ်အပေါ် အသက် ၆၅ နှစ်အရွယ်ရှိ တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည်။

“နာရီစင်ကိုဖျက်တာ မြို့ကို နာမည်ဖျက်တာနဲ့ အတူတူပါပဲ” ဟု အဆိုပါ မြို့ခံက ပြောသည်။

တစ်ဖက်တွင်လည်း ယခင်က နာရီစင်အနီး စည်ကားခဲ့သည့် အထင်ကရ ညဈေးမှာ ကုန်သည်လမ်းသို့ ပြောင်းရွှေ့လိုက်ရပြီးနောက် စနစ်တကျ မရှိဘဲ ပျံကျဈေးကဲ့သို့ ဖြစ်သွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့၏ အမှတ်အသားများထဲတွင် တစ်ခုဖြစ်သည့် နာရီစင်ကို မဖျက်ရန် လူထုက လူမှုကွန်ရက်များကတစ်ဆင့် ထုတ်ဖော်တောင်းဆိုခဲ့ကြသော်လည်း စစ်အုပ်စုက မျက်ကွယ်ပြုပြီး ယခုကဲ့သို့ ဖျက်ဆီးလိုက်ခြင်းလည်းဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မတိုင်ခင်တုန်းကလည်း နိုင်ငံတဝန်းရှိ ဗိုလ်ချုပ်ကြေးရုပ် ၁၅ ခုထက်မနည်းကို လူအများမသိမီ ညပိုင်းအိပ်ချိန်များတွင် ခိုးဖျက်မှုများပြုလုပ်ခဲ့သည်။