ထိုင်း-နယ်စပ်ရှိ မြန်မာဒုက္ခသည် ၈သောင်းကို ဇီဝအချက်အလက်နှင့် QR Code ပါဝင်သည့် ID ကတ်များ ထိုင်းအစိုးရ ထုတ်ပေးနေ

By MPA

ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်နေကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည် ၈သောင်း ခန့်ကို လူဦးရေ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်လာစေရန်နှင့် စာရွက်စာတမ်း အတုအပပြုလုပ်မှု များ လျှော့ချနိုင်ရန်အတွက် ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြု အထောက်အထားကတ်ပြား (ID Cards) များ ထုတ်ပေးသည့် စီမံချက် စတင်လိုက်သည်။

အဆိုပါ စီမံချက်ကို ဇွန်လ ၁၈ ရက်က ရာ့ချ်ဘူရီ (Ratchaburi) ပြည်နယ်၊ ဆွန်ဖိန်း (Suan Phueng) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေး ဦး စီးဌာနက တရားဝင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အသစ်ထုတ်ပေးလိုက်သည့် ID ကတ်ပြားများတွင် လက်ဗွေရာနှင့် မျက်နှာသွင်ပြင် ကဲ့သို့သော ဇီဝအချက်အလက်များ (Biometric Data) ထည့်သွင်းထားပြီး ထိုင်းအစိုးရ၏ အချက်အလက်ဘဏ် (Database) နှင့် ချိတ်ဆက်ထားကာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်ရန် QR Code စနစ်လည်း ပါဝင်သည်။

ယင်းစနစ်သည် မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည်မှုများကို လျှော့ချရန်၊ လူကုန်ကူးမှု တိုက်ဖျက် ရန်နှင့် ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ခိုလှုံနေရသည့် ထိခိုက်လွယ်သော ဒုက္ခသည်ဦးရေကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုင်းပြည်နယ်အုပ်ချုပ်ရေး ဦးစီးဌာနက ဆိုသည်။

အဆိုပါ ကတ်ပြားများကို အဆင့်လိုက် ထုတ်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် အလုပ်အကိုင် ရရှိထားသည့် ဒုက္ခသည်များကို ဦးစွာထုတ်ပေးကာ နောက်ပိုင်း၌ အသက် ၅ နှစ်အထက်ရှိသူ အားလုံးကို ထုတ်ပေးသွားမည်ဖြစ်သည်။

ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာတွင် ဒုက္ခသည်များကို တရားဝင်လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုခဲ့ပြီးနောက် လက်ရှိတွင် ဒုက္ခသည် ၅,၅၀၀ ကျော်သည် လုပ်ငန်းခွင်များ၌ တရားဝင် ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်သည်။

သို့သော် ယခုကတ်ပြားများ ထုတ်ပေးခြင်းကြောင့် အဆိုပါ ဒုက္ခသည်များအနေဖြင့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံသားဖြစ်ခွင့် တောင်းဆိုလာနိုင်သလားဆိုသည့် စိုးရိမ်မှုများ ထိုင်းပြည်သူများကြား ထွက်ပေါ်လျက်ရှိရာ ယင်းအပေါ် ထိုင်းပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနက ယခုကတ်ပြားသည် နိုင်ငံသားဖြစ်ခွင့်နှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် ကတ်ပြားကိုင်ဆောင်ထားသူကို မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသူအဖြစ်သာ အသိအမှတ်ပြုခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားတစ်ဦးကဲ့သို့ မည်သည့်အခွင့်အရေးမျှ ခံစားခွင့်ရှိမည်မဟုတ်ကြောင်း ထုတ်ပြန် ထားသည်။

ထိုင်းနယ်စပ်စခန်းများရှိ ဒုက္ခသည် ၈သောင်း ခန့်၏ ၄၅ ရာခိုင်နှုန်းမှာ ထိုစခန်းများ၌ပင် မွေးဖွားခဲ့ကြ သူများဖြစ်ပြီး မြန်မာနိုင်ငံတွင် တစ်ခါမျှ မနေထိုင်ခဲ့ဖူးသူများ ဖြစ်ကြသည်။ ၎င်းတို့အနက် အများစုမှာ ဆယ်စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ လုံးလုံးလျားလျား အမှီပြု နေရပြီး တရားဝင် စာရွက်စာတမ်းမရှိခြင်းကြောင့် အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အ ခြေခံဝန်ဆောင်မှုများ ရရှိရန် ခက်ခဲနေကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ယင်းဒုက္ခသည်လူဦးရေ သည် ကမ္ဘာပေါ်တွင် နေရပ်စွန့်ခွာရမှု သက်တမ်းအရှည်ကြာဆုံး အုပ်စုများထဲမှ တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည့် အခြေ အနေတွင် ရှိနေသည်။

ထိုင်းအစိုးရ၏ ယင်းစီမံချက်ကို UNHCR က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး UNHCR ၏ ထိုင်းနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Tammi Sharpe က အထောက်အထား စာရွက်စာတမ်းရရှိခြင်းသည် တရား ဝင်အလုပ်အကိုင်ရရှိရန်နှင့် ကိုယ့်အားကိုယ်ကိုးနိုင်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီလို အထောက်အထားရရှိတာက ဒုက္ခသည်တွေကို အကူအညီအပေါ်ပဲ မှီခိုနေရတဲ့အခြေအနေ ကနေ ကျော်လွန်သွားစေနိုင်ပါတယ်။ ဒီလက်တွေ့ကျတဲ့ ခြေလှမ်းက ဒုက္ခသည်တွေရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ဒေသခံလူထုအတွက်ရော၊ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက်ပါ အကျိုးရှိရှိ အသုံး ချနိုင်ဖို့ လမ်းပွင့်သွားစေပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် UNHCR ၏ လက်ထောက်မဟာမင်းကြီး Raouf Mazou ကလည်း ယင်းကတ်ပြားများသည် သာမန်စာရွက်စာတမ်းတစ်ခုမျှသာ မဟုတ်ဘဲ ဒုက္ခသည်များအတွက် ကာကွယ်စောင့်ရှောက်မှု၊ တည်ငြိမ်မှုနှင့် အခွင့်အလမ်းများဆီသို့ သွားရာတံခါးပေါက်ဖြစ်ကြောင်းနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင် နိုင်ရေးအတွက် အထောက်အကူပြုကြောင်း ပြောဆိုခဲ့သည်။ ၎င်းက ထိုင်းနိုင်ငံ၏ ချဉ်းကပ်ပုံကို အ ခြားသော ရေရှည်ဒုက္ခသည်ပြဿနာ ကြုံတွေ့နေရသည့် နိုင်ငံများအတွက် သင်ခန်းစာယူစရာ စံနမူ နာတစ်ခုအဖြစ်လည်း ချီးကျူးခဲ့သည်။

ယင်းစီမံချက်အတွက် လိုအပ်သည့် ID ကတ်ပြားထုတ်လုပ်ရေး ဘဏ္ဍာငွေကို UNHCR က ပံ့ပိုး ကူညီခဲ့ခြင်းဖြစ်သည်။ ယင်းအစီအစဉ်သည် ဒုက္ခသည်များကို တရားဝင်လုပ်ငန်းခွင် ဝင်ရောက် ခွင့်ပြုရန် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံဘက်သို့ ဆက်လက်ဝင်ရောက်လျက်ရှိနေပြီး ထိုင်းလုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြကြောင်း သိရသည်။