ရန်ကုန်မြို့ ပွဲဈေးများသည် စစ်မှုထမ်းအတွက် ပေါ်တာဆွဲရန် ထပ်တိုး ပစ်မှတ်နေရာဖြစ်လာနေ ကြောင်း သိရသည်။
စက်တင်ဘာ၁၅ရက်မှ ၂၁ရက်အတွင်း ရန်ကုန်ပွဲဈေးများအနီး၌ လူငယ် အမျိုးသား၁၇ဦးကို စစ်အုပ်စုဝင်တို့က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network-RSN ၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် ရဲသတင်းရင်းမြစ်ထံ မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။
“အခုဖမ်းတာက ပွဲဈေးမှာတော့ မဟုတ်ဘူး။ပွဲဈေးနဲ့ မလှမ်းမကမ်း ပွဲဈေးကနေ ပြန်လာတဲ့လူငယ် တွေကို တိုးတိုးတိတ်တိတ် ကြိတ်ဆွဲနေတာ။ဘာလို့ ကြိတ်ဆွဲတာလဲဆိုတော့ လူတွေ သိသွားရင် ပွဲလူမလာတော့မှာစိုးလို့လေ။အဲဒါကြောင့် အခုပွဲတွေမှမဟုတ်ဘူး။လာမယ့်ပွင့်လင်းရာသီ ပွဲတော် တွေကလည်း ပေါ်တာဆွဲတဲ့ စားကျက်သစ်ဖြစ်လာမှာ သေချာတယ်”ဟု ၎င်းက MPAသို့ပြောသည်။
စစ်မှုထမ်းထဲသို့ လူပို့ဆောင်ပါက ပိုက်ဆံရသောကြောင့် ရာဇဝတ်မှုကြီးများ၊ မြို့ပြပြောက်ကျားများ နှင့် အရေးပါသည့် နိုင်ငံရေးလှုပ်ရှားသူများကလွဲ၍ ကျန် ဖမ်းဆီးခံရသူ အများစုအား စစ်မှုထမ်းထဲပို့ ကြကြောင်း ၎င်းက ဆိုသည်။
အမျိုးသား၁၇ဦး ဖမ်းဆီးခံရသည့်နေရာများမှာ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပွဲဈေး၊မြောက်ဒဂုံ မြို့နယ် ၄၄ရပ်ကွက်ပွဲဈေးနှင့် တောင်ဒဂုံမြို့နယ်၊၇၀ရပ်ကွက်အနီး ပွဲဈေးတို့၌ ဖြစ်ကြောင်း RSN တာဝန်ရှိသူက ပြောသည်။
“လူငယ်တွေကို အဓိကထား စောင့်ကြည့်နေကြတာပါ။ တစ်ခုခု အမှားအယွင်းလုပ်တာနဲ့ ဆွဲလိုက်ကြတာ တွေ့ရပါတယ်ဗျ။ မသင်္ကာလို့ရော၊ ငွေညှစ်ချင်လို့ရော၊ စစ်မှုထမ်းအတွက်ရော ရောချပြီးဖမ်းနေတာလို့ မြင်ပါတယ်ဗျ”ဟု RSNတာဝန်ရှိသူက ပြောသည်။
ပွဲဈေးများသို့ လူအလာနည်းမည်စိုးသဖြင့် လူငယ်များကို ဖမ်းဆီးခြင်းအား လူသိမခံကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်ပွဲဈေးများသည် ပေါ်တာဆွဲရန် ထပ်တိုးပစ်မှတ်ဖြစ်နေပြီလားဆိုသည့် MPA၏ မေးမြန်းမှုအ ပေါ် RSNတာဝန်ရှိသူက “ဖမ်းပြီး နောက်ဆက်တွဲတွေ အတိအကျ မသိရသေးတော့ တပ်အပ်ပြော ဖို့တော့ ခက်ပါတယ်ဗျ။ စစ်မှုထမ်း အမှတ်စဉ် ၁၈ စဖို့နီးလာရင်တော့ အဲ့အတွက် ဆွဲတာတွေ သေ ချာပေါက် ပါလာမှာပါ။ ပွဲဈေးမှာ လူငယ်တွေ များတော့ သူတို့ဆွဲဖို့အတွက် တစ်နေရာတည်း စုပေးထားသလိုတောင် ဖြစ်သွားပါတယ်။ ခုတော့ သင်တန်း စဖို့ ၃ ပတ်လောက် လိုသေးတယ်ဗျ” ဟု ပြောသည်။
လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးကမူ ယခုလိုအချိန်မျိုး၌ ညဘက်အပြင် မထွက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးကာကွယ်နည်းဖြစ်သည်ဟု ဆိုသည်။
“ကိုယ့်ကိုယ်ကိုယ် သိပ်ဟုတ်လှပြီ မထင်နဲ့။ကိုယ့်ကိုယ်ကိုယ် အသက်ကြီးပြီဆိုပြီး အေးဆေးပဲလို့ ထင်မနေနဲ့။အသက်ကြီးလည်း အဖမ်းခံရရင် ပိုက်ဆံပေးမှ ပြန်လွတ်မယ်။ဒီကာလမှာ စားဖို့တောင် မနည်းရုန်းကန်နေရတာလေ။ပြီးတော့ ပွဲဈေးမပြောနဲ့၊ည ၆နာရီကျော်ရင် လမ်းထိပ်တောင် အမှိုက် ထွက်မပစ်နဲ့။ဉာဏ်ရှိဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
