ဘောလုံးမို့ ခန့်မှန်းရခက်တယ်ဆိုပေမဲ့ MPA ရဲ့ ပွဲကြိုတွေကတော့ ကံကောင်းထောက်မစွာနဲ့ မှန်သင့်သလောက်မှန်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဇွန် ၂၂ နဲ့ ၂၃ ရက်တွေမှာကစားသွားတဲ့ လေးပွဲမှာ အနိုင်ပေးထားတဲ့အသင်းအားလုံးနီးပါးမှန်ကန်ခဲ့ပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာကစားကြမယ့် အမှတ်လိုနေတဲ့ ပေါ်တူဂီနဲ့ ဥဇဘက်ကစ္စတန်၊ နောက်တစ်ဆင့်အတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ အင်္ဂလန်နဲ့ ဂါနာ၊ အမှတ်ဆုံးရှုံးလို့မရတဲ့ ခရိုအေးရှားနဲ့ ပနားမား၊ နောက်တစ်ဆင့်အတွက် ကြိုးစားမယ့် ကိုလံဘီယာနဲ့ ကွန်ဂို DR တို့ရဲ့ ပွဲစဉ်တွေကို သုံးသပ်ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။
(၁) ပေါ်တူဂီနဲ့ ဥဇဘက်ကစ္စတန်(ဇွန် ၂၃၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ)
ပထမဆုံး တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အုပ်စု (K) ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနဲ့ ဥဇဘက်ကစ္စတန်တို့ရဲ့ အားပြိုင်မှုကို ခန့်မှန်းပေးသွားပါ့မယ်။
ဒီပွဲကတော့ နှစ်သင်းစလုံးအတွက် အဖွင့်ပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့လို့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲကို မဖြစ်မနေ အမဲလိုက်ရမယ့် အရေးကြီးပွဲစဉ်ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အမြင်အရတော့ ပေါ်တူဂီအသင်းက အပြတ်အသတ် ရေပန်းစားနေတာ မှန်ပေမဲ့ ပထမပွဲက လိုအပ်ချက်တွေကို အမြန်ပြင်ဆင်လာနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။
ပေါ်တူဂီကတော့ အုပ်စုအဖွင့်ပွဲမှာ ဒီမိုကရက်တစ် ကွန်ဂို (DR Congo) အသင်းကို ၁-၁ ဆိုတဲ့ ရလဒ်နဲ့ သရေကျပြီး စိတ်ပျက်ခဲ့ရပါတယ်။ ပွဲစစချင်း ၆ မိနစ်မှာတင် ဂျာအို နီဗက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းမှာ ဂိုးပြတ်အောင် မသွင်းနိုင်ခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့တဲ့အထိ အဆုံးသတ်ပိုင်း အားနည်းခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တဲ့ ဥဇဘက်ကစ္စတန်ကတော့ အဖွင့်ပွဲမှာ ကိုလံဘီယာကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အီတလီဂန္ထဝင် နောက်ခံလူဟောင်း ဖေဘီယို ကန်နာဗာရိုကိုင်တွယ်နေတဲ့ ဒီအသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်း တုံ့ပြန်ကစားပုံ ကောင်းမွန်ခဲ့တာကြောင့် ပေါ်တူဂီခံစစ်ကို ဒုက္ခပေးနိုင်တဲ့ အခိုက်အတန့်တချို့ ရှိနေပါတယ်။
စောင့်ကြည့်ရမယ့်ကစားသမားတွေကတော့ ပေါ်တူဂီအသင်းရဲ့ အသက်သွေးကြော ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်ဒိုကတော့ ပထမပွဲမှာ ငြိမ်သက်နေခဲ့လို့ အခုပွဲမှာ တိုက်စစ်ပိုင်း အရည်အသွေး တက်လာဖို့နဲ့ ရလာတဲ့ ဂိုးသွင်းခွင့်တွေကို အပိုင်အဆုံးသတ်နိုင်ဖို့ ဖိအားတွေ ရှိနေပါတယ်။ ဘရူနို ဖာနန်ဒက်စ်ကတော့ ပေါ်တူဂီရဲ့ ကွင်းလယ်ကို ထိန်းချုပ်ပြီး ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်ဖို့ အဓိက ကစားကွက်ဖန်တီးပေးရမယ့် စက်မင်းကြီးပဲ ဖြစ်ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီက အပြတ်အသတ် နိုင်မယ့်အသင်းအဖြစ် သတ်မှတ်ခံထားရပေမဲ့ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်အနေနဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း စည်းစနစ်ကျနမှုနဲ့ ဂိုးသွင်းနှုန်း သေချာမှု ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝေဖန်စောင့်ကြည့်ခံနေရပါတယ်။ တစ်ဖက်က ဥဇဘက်ကစ္စတန်ကတော့ ခံစစ်ပိုင်းကို စနစ်တကျ ပိတ်ဆို့ကစားရင်း ပေါ်တူဂီအသင်းရဲ့ ပွဲစစချင်း လောဆော်မှုတွေ၊ အမှားတွေကို အခွင့်ကောင်းယူဖို့ ချောင်းမြောင်းကစားလာမှာ သေချာပါတယ်။
ဒီပွဲကိုတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာရှိတဲ့ NRG Stadium ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဖွင့်ပွဲမှာ ချဉ်ခြင်းတပ်ခံခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ဒီပွဲမှာ တိုက်စစ်အစွမ်းပြပြီး ၃ မှတ် အပြည့်ယူသွားမလား၊ ဒါမှမဟုတ် ကန်နာဗာရိုရဲ့ ဥဇဘက်ကစ္စတန်အသင်းကပဲ ကမ္ဘာ့ဖလားရဲ့ နောက်ထပ် အံ့အားသင့်စရာ ရလဒ်တစ်ခုကို ဖန်တီးပြသွားမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပါ။
ဒီပွဲအတွက် MPA ရဲ့ ခန့်မှန်းချက်ကတော့ ရော်နယ်ဒိုသာ အရင်ခြေတစ်ဝက်ပြန်ရပြီး ဂိုးသွင်းသေချာရင်၊ ဘရူနို၊ နီဗက်နဲ့ ဗစ်တင်ညာတို့ ပုံမှန်ခြေစွမ်းပြန်ရရင် ပေါ်တူဂီအနေနဲ့ ဂိုးပြတ်နိုင်ဖို့ မခက်ခဲတဲ့ ပွဲစဉ်လို့ ပြောချင်ပါတယ်။ ပေါ်တူဂီ ၂ ဂိုးပြတ်နဲ့အထက် အနိုင်ရမယ့်ပွဲစဉ်လို့ပဲ သုံးသပ်ထားပါရစေ။
ခန့်မှန်းဂိုးရလဒ် _ ပေါ်တူဂီ ၃ – ၀ ဥဇဘက်ကစ္စတန်
(၂) အင်္ဂလန်နဲ့ ဂါနာ(ဇွန် ၂၄၊ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲ)
ဒီပွဲကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ သေချာသလောက်ရှိနေပါတယ်။ တူချယ်လက်ထက် အင်္ဂလန်ဟာ ပထမပွဲမှာ အရင်အင်္ဂလန်မဟုတ်ကြောင်း သက်သေပြခဲ့တာတွေ့ရပါတယ်။
ဟယ်ရီကိန်း ဂိုးသွင်းခြေစွမ်းနဲ့အတူ ရသလောက် ဂိုးသွင်းမယ်ဆိုတဲ့ ဂိုးဆာလောင်နေတဲ့ အင်္ဂလန်အသင်းကို ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ တကယ်လည်း ပထမပွဲမှာတင် တိုက်စစ်က ၄ ဂိုးထိသွင်းပြီး ခြေစွမ်းပြခဲ့ကြပါတယ်။ အင်္ဂလန်အတွက် ပြောစရာက နောက်တန်းပဲ ဖြစ်ပါတယ်။ အမှားတချို့ကြောင့် ခရိုအေးရှားကို ၂ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပါတယ်။ တိုက်စစ်အားပြုရင်း နောက်က ပွင့်သွားတဲ့ပုံစံကို မထိန်းချုပ်နိုင်၊ Balance မလုပ်နိုင်ရင် မာဂုဏ်မြင့်တဲ့ ဂါနာအသင်းက အပြစ်ပေးတာ ခံရနိုင်ပါတယ်။
သမိုင်းကြောင်းအရ တစ်ကြိမ်တွေ့ဆုံဖူးပြီး ၁ ဂိုးစီ သရေကျထားပါတယ်။
လက်ရှိမှာ ပထမပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့နဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကို ပံ့ပိုးပေးနိုင်ခဲ့တဲ့ ဆာကာတို့က ဒဏ်ရာရှိနေတာကြောင့် ဒီပွဲမှာပါလာဖို့ သံသယရှိနေပါတယ်။ ဂါနာဘက်ကတော့ ဒဏ်ရာကင်းစင်နေပါတယ်။
လက်ရှိခြေစွမ်းနဲ့ လူစာရင်းအရ အင်္ဂလန်ကပဲ အသာစီးရနေသလို အများကလည်း အင်္ဂလန်ကိုပဲ အနိုင်ပေးထားပါတယ်။ လောင်းကစားဈေးကွက်မှာလည်း အင်္ဂလန်နိုင်ခြေကို (-500) အထိ အလေးပေးထားတာတွေ့ရပါတယ်။ ဂါနာအနိုင်ကတော့ (+1400) အထိလျော့ကျနေပါတယ်။ ဒီနှစ်သင်း သရေကျနိုင်ခြေကတော့ (+600) ကို ပေးထားပါတယ်။ ဂိုးပေါင်းအတွက်တော့ နှစ်သင်းပေါင်း ၃ ဂိုးနဲ့အထက်(Over 2.5)ကို အလေးပေးနေကြပါတယ်။
MPA အနေနဲ့လည်း ဒီပွဲမှာ အင်္ဂလန်ကပဲ ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်ပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်တယ်လို့ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းရလဒ် – အင်္ဂလန် ၃ – ၁ ဂါနာ
(၃) ပနားမားနဲ့ ခရိုအေးရှား(ဇွန် ၂၄၊ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ)
အုပ်စု (L) ရဲ့ အသက်လုပွဲဖြစ်တဲ့ ပနားမားနဲ့ ခရိုအေးရှားတို့ရဲ့ အားပြိုင်မှုကို ဆက်လက်ခန့်မှန်းကြည့်ပါ့မယ်။
ဒီပွဲကတော့ နှစ်သင်းစလုံးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ချက် ရှင်သန်ရေးအတွက် မဖြစ်မနေ နိုင်မှဖြစ်မယ့်အခြေအနေပါ။ အဖွင့်ပွဲတွေမှာ ကိုယ်စီ အရှုံးဒဏ်ရာရခဲ့ကြလို့ ဒီပွဲမှာ အသေအလဲ ရုန်းကန်ကြရတော့မှာ ဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယရရှိခဲ့ပြီး၊ ၂၀၂၂ မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့တဲ့ ကမ္ဘာ့အဆင့် ခရိုအေးရှားအသင်းဟာ အဖွင့်ပွဲမှာ အင်္ဂလန်ကို ၄-၂ နဲ့ ဂိုးပြတ်ရှုံးခဲ့လို့ အကြီးအကျယ် ဖိအားဝင်နေပါတယ်။
ပထမပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် အသည်းအသန် ချေပဂိုးတွေ သွင်းနိုင်ခဲ့ပေမဲ့ ပွဲနှောင်းပိုင်းမှာ ခံစစ်ပြိုလဲသွားခဲ့တာမို့လို့ နည်းပြချုပ် ဇလတ်ကို ဒါလစ်ကတော့ သူ့ရဲ့ကစားသမားတွေကို ခံစစ်စည်းကမ်းပိုင်း ပိုမိုတင်းကျပ်ဖို့ လူသိရှင်ကြား သတိပေးထားပါတယ်။
တစ်ဖက်က ပနားမားအသင်းကလည်း ပထမပွဲမှာ ဂါနာကို ပွဲကစားချိန် ၉၅ မိနစ် (နာကျင်အချိန်ပို)မှ ပေးလိုက်ရတဲ့ဂိုးနဲ့ ၁-၀ ဆိုပြီး ရက်ရက်စက်စက် ရှုံးနိမ့်ခဲ့ရတာပါ။ ပထမပိုင်းမှာ ပွဲကို ကောင်းကောင်းစိုးမိုးနိုင်ခဲ့ပေမဲ့ အဆုံးသတ် မလှခဲ့ပါဘူး။
သူတို့ရဲ့ နောက်ဆုံးပွဲက အုပ်စုတွင်း အတောင့်တင်းဆုံး အင်္ဂလန်နဲ့ ကစားရမှာ ဖြစ်လို့ နည်းပြ သောမတ်စ် ခရစ်စတီယန်ဆင်ရဲ့ အသင်းအနေနဲ့ ဒီပွဲမှာ အမှတ်မရရင်တော့ အိမ်ပြန်ရဖို့ သေချာသလောက် ရှိနေပါတယ်။
ခရိုအေးရှားရဲ့ ဂန္ထဝင်ကွင်းလယ်လူကြီး လူကာ မိုဒရစ်ဟာ ဒီပွဲမှာ သူ့ရဲ့ နိုင်ငံတကာပွဲစဉ် ၂၀၀ ပြည့် မြောက်မယ့် သမိုင်းဝင် စံချိန်ကို ရေးထိုးသွားတော့မှာ ဖြစ်ပါတယ်။ သူဟာ မာတီယို ကိုဗာဆစ်နဲ့အတူ ဝါရင့်ကွင်းလယ်ကို ဦးဆောင်ပြီး ပနားမားကို ဖိအားပေးဖို့ ပြင်ဆင်နေပါတယ်။
ထူးခြားတာက နှစ်သင်းစလုံးဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲဆက်တိုက် ဂိုးမပေးရတဲ့ပွဲ (Clean Sheet) တစ်ပွဲမှ မရှိခဲ့ပါဘူး။ နောက်ဆုံး ၅ ပွဲမှာလည်း ၁၁ ဂိုးစီ အသီးသီး ပေးထားရတာမို့ ခံစစ်ပိုင်းကတော့ နှစ်သင်းစလုံးရဲ့ အားနည်းချက် ဖြစ်နေပါတယ်။
ဘောလုံးသမိုင်းတစ်လျှောက်မှာ ပနားမားနဲ့ ခရိုအေးရှားတို့ အဆင့်မြင့် နိုင်ငံတကာပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် စတင်ရင်ဆိုင်ကြမှာလည်း ဖြစ်ပါတယ်။
ဒီပွဲကိုတော့ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ Toronto Stadium (BMO Field) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရဲ့ ဝါရင့်မြေခွေးကြီး ခရိုအေးရှားက မိုဒရစ်ရဲ့ ပွဲ ၂၀၀ ပြည့် စံချိန်နဲ့အတူ ဂုဏ်သိက္ခာဆယ်ပြီး ၃ မှတ် အပြည့်ယူသွားမလား၊ ဒါမှမဟုတ် နောက်ဆုံးပွဲမှာ အင်္ဂလန်နဲ့ မတွေ့ခင် အသက်လုရမယ့် ပနားမားအသင်းကပဲ ခရိုအေးရှားရဲ့ လှုပ်ခတ်နေတဲ့ခံစစ်ကို အသုံးချပြီး အံ့အားသင့်စရာ ရလဒ် ဖန်တီးသွားမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပါ။
လောင်းကစားဒိုင်တွေကတော့ ခရိုအေးရှားနိုင်ခြေကို ပိုပေးထားတာတွေ့ရပြီး နိုင်ခြေ (-170)၊ ၆၅ ရာခိုင်နှုန်းနီးပါးအထိ အလေးပေးထားပါတယ်။ ပနားမားကိုတော့ (+669)၊ ၁၅ ရာခိုင်နှုန်းလောက်ပဲ နိုင်ခြေရထားပါတယ်။ သရေကျနိုင်ခြေကတော့ +310 ၊ ၂၁ ရာခိုင်နှုန်းနီးပါးရှိနေပါတယ်။ ဂိုးပေါင်းကတော့ နှစ်သင်းပေါင်း ၃ ဂိုး(Over 2.5)ကို အလေးပေးထားပါတယ်။
MPA အနေနဲ့လည်း ခရိုအေးရှားက ကပ်နိုင်ပြီး ဂိုးပေါ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – ခရိုအေးရှား ၂ – ၁ ပနားမား
(၄) ကိုလံဘီယာနဲ့ ကွန်ဂို DR(ဇွန် ၂၄၊ မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲ)
အုပ်စု (K) ရဲ့ တကယ့်ကို အကြိတ်အနယ်ရှိမယ့် ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာနဲ့ ဒီမိုကရက်တစ် ကွန်ဂို (DR Congo) တို့ရဲ့ အားပြိုင်မှုကို ဆက်ပြီး သုံးသပ်ကြည့်ပါမယ်။
ဒီပွဲက အုပ်စုဒုတိယပွဲစဉ်တွေထဲမှာ နောက်ဆုံးပွဲဖြစ်ပြီး နှစ်သင်းစလုံးအတွက် အမှားခံလို့မရတဲ့ သေရေးရှင်ရေးပွဲပါ။ ကိုလံဘီယာကလည်း နောက်ဆုံးပွဲမှာ ပေါ်တူဂီလို အသင်းကြီးနဲ့ ကစားရမှာဖြစ်လို့ ဒီပွဲမှာတင် နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်ခွင့် (Round of 32) လက်မှတ်ကို တစ်ခါတည်း ဖြတ်ချင်နေတာပါ။ တစ်ဖက်က ကွန်ဂိုကလည်း ဒီပွဲမှာ အမှတ်ရအောင် ထိန်းနိုင်ရင် နောက်ဆုံးပွဲမှာ မျက်နှာသစ် ဥဇဘက်ကစ္စတန်နဲ့ ကစားရမှာမို့ နောက်တစ်ဆင့်တက်ဖို့ လမ်းပွင့်သွားနိုင်ပါတယ်။ ဒါကြောင့် တကယ့်ကို အကြိတ်အနယ် ရှိမှာပါ။
ကိုလံဘီယာကတော့ အဖွင့်ပွဲမှာ ဥဇဘက်ကစ္စတန်ကို ၃-၁ နဲ့ အေးအေးဆေးဆေး အနိုင်ရခဲ့တာပါ။ ဒါနီရယ် မူညိုးဇ်၊ လူးဝစ် ဒီယက်ဇ်နဲ့ ဟာမင်တန် ကမ်ပက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အရှိန်ရနေပြီး နည်းပြ နေစတာ လိုရန်ဇိုရဲ့ အသင်းက ဒီပွဲမှာလည်း ယုံကြည်မှု အပြည့်နဲ့ ပွဲထွက်လာမှာပါ။
ကျားသစ်တွေ(Leopards)လို့ ခေါ်တဲ့ ကွန်ဂို DR အသင်းကတော့ အဖွင့်ပွဲမှာ အုပ်စုဗိုလ်စွဲဖို့ ရေပန်းစားတဲ့ ပေါ်တူဂီကို ၁-၁ နဲ့ သရေကန်ပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သူတို့ရဲ့ ပထမဆုံး ဂိုးနဲ့ ပထမဆုံး ရမှတ်ကို ရှာဖွေနိုင်ခဲ့တဲ့အထိ အံ့အားသင့်စရာ လုပ်ပြထားပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ယိုအန် ဝီဆာက သွင်းဂိုး ခိုးယူပေးခဲ့တာပါ။ နည်းပြ ဆီဘက်စတီယန် ဒီဆာဘရီကတော့ ကိုလံဘီယာရဲ့ လျင်မြန်တဲ့ တိုက်စစ်ကို ဖြတ်တောက်ဖို့ ခံစစ်အကြပ်ပိတ် ၅-၃-၂ စနစ်နဲ့ ပြင်ဆင်လာဖို့ ရှိပါတယ်။
ဒီနှစ်သင်းဟာလည်း ဘောလုံးသမိုင်းတစ်လျှောက်မှာ အဆင့်မြင့်နိုင်ငံတကာပွဲစဉ်အဖြစ် အခုမှ ပထမဆုံးအကြိမ် စတင်ရင်ဆိုင်ကြတာ ဖြစ်ပါတယ်။
ဘွတ်ကီဒိုင်တွေရဲ့ အမြင်မှာတော့ တောင်အမေရိက အင်အားကြီး ကိုလံဘီယာကို သိသိသာသာ အလေးသာပေးထားပါတယ်။
ကိုလံဘီယာနိုင်ခြေ ကို -186 ကနေ -200 အထိ ပေါက်နေပြီး နိုင်နိုင်ခြေ ၆၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေပါတယ်။ ကွန်ဂိုနိုင်ခြေက +600 ကနေ +614 အထိ ဈေးဖွင့်ထားပြီး နိုင်နိုင်ခြေ ၁၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သရေကျနိုင်ခြေကတော့ +310 ကနေ +335 ဝန်းကျင် (၂၃ ရာခိုင်နှုန်း) ရှိပါတယ်။
ဂိုးပေါင်း အနိမ့်/အမြင့်အတွက်တော့ ကိုလံဘီယာဟာ နောက်ဆုံး ၁၁ ပွဲမှာ ၉ ပွဲအထိ ဂိုးပေါင်းအမြင့် ထွက်ထားပေမဲ့၊ ကွန်ဂိုရဲ့ ခံစစ်အထိုင် တောင့်တင်းမှုကြောင့် ဂိုးပေါင်း ၂.၅ အောက် (Under) ကြေးက -138 နဲ့ ပိုပြီး ဈေးပေးနေတာ တွေ့ရပါတယ်။ ကိုလံဘီယာရဲ့ အပြတ်အသတ် နိုင်လေ့ရှိတဲ့ အလေ့အထကြောင့် ကိုလံဘီယာ -၁.၅ (၂ ဂိုးပြတ်နိုင်ရမယ့်ကြေး)ကလည်း +166 နဲ့ စိတ်ဝင်စားစရာ အနေအထားမှာ ရှိနေပြန်ပါတယ်။ ကိုလံဘီယာအသင်းက ပေါ်တူဂီနဲ့ မတွေ့ခင် ဒီပွဲမှာတင် နောက်တစ်ဆင့်တက်ခွင့် လက်မှတ်ကို အပိုင်ဖြတ်သွားမလား၊ ဒါမှမဟုတ် ပေါ်တူဂီကို ဒူးထောက်စေခဲ့တဲ့ ကွန်ဂိုအသင်းကပဲ သူတို့ရဲ့ ကျောက်ဆောင်လို မာကျောတဲ့ ခံစစ်နဲ့အတူ ကိုလံဘီယာကို ဒုက္ခပေးပြီး အုပ်စုအခြေအနေကို ပိုမိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖန်တီးပြဦးမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက် စောင့်ကြည့်ရမှာပါ။
အချက်အလက်အားလုံး၊ ကျွမ်းကျင်သူတွေရဲ့ စကားကို နားစွင့်ချက်အရ ကိုလံဘီယာကို အသားပေးနေကြပေမဲ့ ကွန်ဂိုရဲ့ ခံစစ်ကိုလည်း မမေ့ထားကြဖို့ သတိပေးထားတာတွေ့ရပါတယ်။ ဒါပေမဲ့ နောက်ပွဲကျပ်ရှိနေတဲ့ တောင်အမေရိကတိုက် အင်အားကြီးအသင်း ကိုလံဘီယာကပဲ ပွဲကို စိုးမိုးပြီး အနိုင်ယူသွားမယ်လို့ ခန့်မှန်းထားချင်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – ကိုလံဘီယာ ၂ – ၀ ကွန်ဂို
