By MPA
ပြည်တွင်းရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း တောက်လျှောက် ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ လိုက်ပါကျဆင်းမှု အားနည်းကာ ဈေးနှုန်းတန့်နေသည့်အပေါ် ပြည်သူများနှင့် ရွှေစုဆောင်းသူများကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၅၆၀၀ ခန့်ဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံး ရောက်ရှိခဲ့မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။
လတ်တလော ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၉၀၀ ကျော်အထိ ပြန်လည်ကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးမှာ ကျပ်သိန်း ၁၀၀ အောက်သို့ အနည်းငယ်သာ ကျဆင်းခဲ့သည်။
လက်ရှိ ၁၆ ပဲရည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၇ သိန်းဝန်းကျင်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ်သိန်း ၉၀ ကျော်တွင် ဈေးနှုန်းမာနေဆဲ ဖြစ်ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေးကွက် ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း ပြည်တွင်းဈေးနှုန်း ထင်သလောက် ကျဆင်းခြင်းမရှိရသည့် အဓိကအကြောင်းရင်းမှာ ငွေကြေးတန်ဖိုးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ရွှေအဆမတန် ဝယ်ယူစုဆောင်းလိုသည့် ပြည်တွင်းဝယ်လိုအား ဆက်လက်မြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြင်ပဈေးကွက်အတွင်း အချို့နေရာများ၌ စနစ်တကျမဟုတ်ဘဲ ကောလာဟလ ပါးစပ်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဈေးနှုန်းအမှန်ကို သိရှိရန် ခက်ခဲနေကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
တစ်ဖက်တွင်မူ ဝယ်ယူစုဆောင်းသူများက ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါကျဆင်းခြင်းမရှိမှုသည် ဈေးကွက်အတွင်းရှိ ဈေးကစားသူ မသမာသူများကြောင့် ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးအပြင် ပြည်တွင်းဒေါ်လာဈေး၊ ငွေလဲနှုန်းအတက်အကျနှင့် ပြည်သူများ၏ စိုးရိမ်စိတ်အပေါ် အခြေခံ၍ လည်ပတ်နေခြင်း ဖြစ်သည်။
ဈေးကွက်ကျွမ်းကျင်သူများက ကမ္ဘာ့ရွှေဈေးကျဆင်းမှု သတင်းများကြောင့် ပြည်တွင်းဈေးကွက်အတွင်း အလောတကြီး ရောင်းမှားဝယ်မှား မဖြစ်စေရန်နှင့် ပါးစပ်ဈေးကစားသူများ၏ ကြိုးဆွဲမှုအောက် မရောက်ရှိစေရန်အတွက် ရောင်းဝယ်သူများအနေဖြင့် မိမိတို့ဒေသတွင်းရှိ ရွှေဆိုင်များ၏ အခြေအနေကို သေချာစွာ စုံစမ်းစစ်ဆေးပြီးမှသာ သတိပြုချင့်ချိန်ကာ အရောင်းအဝယ် ပြုလုပ်ကြရန် တိုက်တွန်းထားကြသည်။
