စစ်ရေးအကျပ်အတည်းကို ထွက်ပေါက်ရှာရန် ERO များအား ကြိုတင်ကန့်သတ်ချက်မရှိ ဆွေးနွေးရန် သမ္မတတုက ဟန်ပြဖိတ်ခေါ်

ဓာတ်ပုံ-MOI

စစ်ရေးအကျပ်အတည်းကို ထွက်ပေါက်ရှာရန် ERO(မူရင်း EAOဟု ဖော်ပြထား)များအား ကြိုတင်ကန့်သတ်ချက်မရှိ ဆွေးနွေးရန် အတုအယောင်သမ္မတ မင်းအောင်လှိုင်က ဟန်ပြဖိတ်ခေါ်ခဲ့သည်။

ယနေ့( ဇွန် ၂၆ရက်)တွင် ပြုလုပ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ်မြှင့်တင်ရေးနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စအပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ရမည့် အဓိကတာဝန်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

၎င်းအပြင် အတုအယောင်အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မိမိတို့အစိုးရသက်တမ်း ၅ နှစ်အတွင်း နိုင်ငံငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

လက်ရှိတွင် မငြိမ်းချမ်းမှု၊ ပဋိပက္ခများနှင့် အခက်အခဲများသည် ဒေသဖွံ့ဖြိုးရေးအတွက် အဓိက အဟန့်အတားဖြစ်နေကြောင်း ၎င်းအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြသနာများကို မမြင်ဘဲ တော်လှန်ရေးအပေါ် အပြစ်ဖို့ပြောကြားခဲ့သည်။

ဆက်လက်ပြီး မင်းအောင်လှိုင်က ERO များကို ရည်ညွှန်း၍ ကြိုတင်ကန့်သတ်ချက်မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးလိုပြီး၊ ငြိမ်းချမ်းရေးလိုချင်လျှင် လာရောက်ဆွေးနွေးကြပါဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက “လက်ရှိ ၂၀၂၆ ခုနှစ် မြေပြင်အခြေအနေမှာ စစ်ကောင်စီဟာ နယ်စပ်ဒေသတွေတင်မကဘဲ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ဘက်တွေမှာပါ စစ်ရေးအရ အကြီးအကျယ် အထိနာနေပါတယ်။ အခု ရွေးကောက်ပွဲအတုကနေ တက်လာတဲ့ အစိုးရသစ်က ၅ နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်မယ်၊ ကြိုတင်ကန့်သတ်ချက်မရှိ ဆွေးနွေးမယ်လို့ ပြောလာတာဟာ တကယ် ငြိမ်းချမ်းရေးလိုချင်လို့ထက်စာရင် စစ်ရေးအရ အကျပ်ရိုက်နေတာကို သံတမန်ရေးနည်းနဲ့ ထွက်ပေါက်ရှာဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါတယ်” ဟု MPA သို့ သုံးသပ်ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတွင် နယ်စပ်ဒေသ အခြေခံအဆောက်အအုံနှင့် ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ထိရောက်စွာ ပံ့ပိုးပေးရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသများသို့ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိအောင် ပြည်ထောင်စုအစိုးရက ပံ့ပိုးပေးပြီး ပြည်နယ်အစိုးရများကလည်း ရရှိအောင် ဆောင်ရွက်ရမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

စာတည်း-ကိုဆန်း